တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူ ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်

နေပြည်တော်  ၂၅  ဇွန် 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းသား၊ သမီးများ၏ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းတွင် တက်ရောက်ခဲ့ပြီး ထူးချွန်ဆုရရှိသူ ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်ပြီး ဆုများပေးအပ်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၇ -၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၅)ဦးအား ဂုဏ်ပြုဆုနှင့်ပြု လက်မှတ်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၏ ဇနီးဒေါ်သွင်သွင်အေးမှီမှ ခြောက်ဘာသာ ဂုဏ်ထူးရှင် (၄)ဦးအားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်လင်းက ငါးဘာသာဂုဏ်ထူးရှင် (၅)ဦးနှင့် ဒုတိယဝန်ကြီး၏ ဇနီးမှ ငါးဘာသာဂုဏ်ထူးရှင် (၅)ဦးအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်မှ လေးဘာသာဂုဏ်ထူးရှင်(၁၀)ဦးနှင့် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက လေးဘာသာ၊ သုံးဘာသာ ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းထူးချွန်ဆုပေးပွဲနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က  ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း၊ သင်တန်းအမှတ်စဉ်(၄)တွင် သင်တန်းသား ပထမဆုရရှိသူ အဆောက်အဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် အားလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁)တွင် သင်တန်းသား ပထမဆုရရှိသူ တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ်(မြို့ပြ)၊ ဦးကျော်ကောင်းချိုအား လည်းကောင်း၊ စံပြသင်တန်းဆုရရှိသူ အငယ်တန်းအင်ဂျင်နီယာ (၁) (မြို့ပြ) ဒေါ်ဆုဝတ်ရည်မွန် အား လည်းကောင်း၊ ရုံးချုပ် တိုင်းဒေသကြီး/ပြည်နယ်တို့မှ နှစ်ဘာသာ၊ တစ်ဘာသာ၊ ရိုးရိုး အောင်မြင်သူများနှင့် ပညာသင် ထောက်ပံ့ကြေးတို့အား ကိုယ်စားရယူသူ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများထံ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

 

ယင်းနောက် ဂုဏ်ထူးရ ကျောင်းသား / ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မဖူးပွင့်ငွေစင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)