တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းလုံခြုံရေးကို စီမံချက်ဖြင့်ဆောင်ရွက်မည်

မန္တလေး ၃၁ မေ 

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း လုံခြုံရေးကို စီမံချက်ဖြင့် ဆောင်ရွက်ထားကြောင်း မန္တလေးတိုင်း ပညာရေးမှူးရုံး၊ စီမံဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၂ ရက်မှာ မန္တလေးတိုင်းအတွင်းရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အောင်စာရင်းစာရွက်များအတွက် လုံခြုံရေးကို စီမံချက်ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။

‘နှစ်စဉ်နှစ်တိုင်းလုံခြုံရေး စီမံချက်တွေနဲ့ ဆောင်ရွက်ခဲ့တယ်။ အောင်စာရင်းထုတ်ပြန်ရေး စီမံချက်၊ လုံခြုံရေးစီမံချက်တွေနဲ့ ဆောင်ရွက်မှာပါ’ဟု မန္တလေးတိုင်းပညာရေးမှူးရုံး၊ စီမံဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်မှ ပြောသည်။

လုံခြုံရေးစီမံချက်တွင် အပြင်စည်း၊ အတွင်းစည်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အပြင်စည်းလုံခြုံရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရ ရဲတပ်ဖွဲ့၊ မန္တလေးတိုင်း အထွေထွေ အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ NGO အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

‘အပြင်စည်းအနေနဲ့ သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ တာဝန်ချထားပေးဖို့၊ အတွင်းစည်းအနေနဲ့ အောင်စာရင်းကို မနက်ခြောက်နာရီ မထိုးခင် အပြင်ကို မပေါက်ကြားဖို့ ဆောင်ရွက်နေပါတယ်’ဟု ဦးခင်မောင်မြင့်မှ ပြောသည်။

အောင်စာရင်းများ ကြိုတင်ပေါက်ကြားပါက စုံးစမ်းစစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇-၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၁၁၃၉၇ ဦး ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဇွန်လ ၂ ရက်တွင်ထုတ်ပြန်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စားရင်းများအား ပညာရေးဝန်ကြီးဌာန၏ ဖေ့ဘွတ်စာမျက်နှာနှင့် website များတွင်လည်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

အိမို့မို့ခိုင်