တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်

ထားဝယ်  ၁၇  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

တနင်္သာရီ တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ နှစ်အလိုက် အောင်ချက် ရာခိုင်နှုန်းသည် ၂၀၁၆ ခုနှစ်မှာ ၂၉ ဒသမ ၂၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်မှာ ၃၁ ဒသမ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၃၀ ဒသမ ၅၁ ရာခိုင်နှုန်းဖြစ်ပြီး ယခုနှစ် စာမေးပွဲအောင်မြင်မှုမှာတော့ ခြောက်ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင်(၁၀)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၄၃)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်(၈၁)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၆၅) ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် (၁၅၇၅)ဦး ရှိခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူ ကျောင်းသား/သူများအား ဆုများ ချီးမြှင့်ပေးအပ်ကာ အမှတ်(၂) အခြေခံပညာ အထက်တန်းမှ ကျောင်းသား/သူများက "ပြည်မြန်မာ"သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)