တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ဂျူဒိုပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန် ၆ ဩဂုတ် 


    
တက္ကသိုလ်ဂျူဒိုဆပ်ကော်မတီမှ ကြီးမှူး၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲများကို ယနေ့မွန်းတည့်  ၁၂ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။


    
ဗိုလ်လုပြိုင်ပွဲ၌ (-၅၂)ကီလိုတန်း အမျိုးသမီးပြိုင်ပွဲ၊ (-၆၆)ကီလိုတန်း အမျိုးသားပြိုင်ပွဲနှင့်             (-၇၃)ကီလိုတန်း အမျိုးသားပြိုင်ပွဲများကျင်းပခဲ့ပြီး၊ ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသား (အလွတ်တန်း -၆၆ ၊ -၇၃ ၊ -၄၅ ၊ -၅၀ ၊ -၅၅ ၊ -၆၀) ကီလိုတန်းပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ ပူးတွဲတတိယဆုရရှိသူများအား တက္ကသိုလ်များ ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌ ကောင်းဇံရဲ၊ ဆပ်ကော်မတီ အမှုဆောင်များ၊ တက္ကသိုလ်များ ဂျူဒိုဆပ်ကော်မတီအထွေထွေအတွင်းရေးမှူး မဝတ်ရီချမ်းမြေ့တို့မှ လည်းကောင်း၊ အမျိုးသမီး (အလွတ်တန်း -၄၀၊ -၄၅ ၊ -၄၈ ၊ -၅၂ ၊ -၅၇ ၊ -၆၃) နှင့် ကီလိုတန်းပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ ပူးတွဲတတိယဆုရရှိသူများအား မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ ဒိုင်လူကြီးများနှင့် နည်းပြဆရာများက ဆုများချီးမြှင့်ပေးသည်။


    
ယင်းနောက် ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဆုများကို ချီးမြှင့်ရာ (ခ)အဆင့်တွင် အမျိုးသား အကောင်းဆုံးအားကစားသမားဆုရ (ဘားအံတက္ကသိုလ်)မှ စောကျော်ဝင်းရှိန်၊ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရ (မော်လမြိုင်တက္ကသိုလ်)မှ သီသီအောင်၊ (က)အဆင့်တွင် အမျိုးသား အကောင်းဆုံးအားကစားသမားဆုရ (ရန်ကုန်တက္ကသိုလ်)မှ သက်ပိုင်နှင့်  အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)မှ ဆွေဆွေသက်တို့က ရရှိသွားကြပြီး အဆိုပါဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်တို့က ဆုများချီးမြှင့်ပေးသည်။


    
ထို့နောက် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၂)၊ ကြေးတံဆိပ်(၂)ခုဖြင့် ရန်ကုန်တက္ကသိုလ် ဂျူဒိုအသင်းမှ (တတိယ)၊ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေးတံဆိပ် (၁၅)ခုဖြင့် ဒဂုံအရှေ့ပိုင်း တက္ကသိုလ်အသင်းက (ဒုတိယ)နှင့် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခုဖြင့် ဘားအံတက္ကသိုလ်အသင်းက (ပထမ)ဆုဖလားရရှိသွားကြပြီး အဆိုပါဆုများကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဆုများချီးမြှင့်ပေးပြီး မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက အမျိုးသား/အမျိုးသမီး (က)အဆင့်နှင့် (ခ)အဆင့် ပြိုင်ပွဲ နှစ်ရပ်ပေါင်း တံခွန်စိုက်ဒိုင်းဆုရရှိသွားသည့် ဘားအံတက္ကသိုလ် ဂျူဒိုအသင်းအား တံခွန်စိုက်ဒိုင်းဆု ကြီးကိုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်