တက္ကသိုလ်အဆင့် အခြေခံကင်းထောက်သင်တန်းဆင်းပွဲ ဟင်္သာတ တက္ကသိုလ်တွင် ကျင်းပ

ရန်ကုန် ၉  စက်တင်ဘာ  
 
တက္ကသိုလ် ကျောင်းသားကျောင်းသူများ ကင်းထောက်ပညာရပ်များ သင်ကြား တတ်မြောက်ပြီး တိုင်းပြည်အတွက်အကျိုးရှိမည့် လူငယ်များဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ တက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် ကင်းထောက်သင်တန်းများ သင်ကြားပို့ချလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ တက္ကသိုလ်တွင် တက္ကသိုလ်အဆင့် အခြေခံကင်းထောက်သင်တန်း ဆင်းပွဲကို ယမန်နေ့ ညနေ (၃)နာရီက ဟင်္သာတ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။ 
 
သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ လူငယ်ကင်းထောက်မှူးချုပ် ဦးမြင့်ဆွေ၊ ဟင်္သာတ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဒေါ်မာလာတို့က သင်တန်းဆင်း အမှာစကားပြောကြားပြီး ဟင်္သာတတက္ကသိုလ် ကင်းထောက်တာဝန်ခံ ဒေါက်တာ ဒေါ်မိုးမိုးခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ 
 
ထို့နောက် တာဝန်ရှိသူများက သင်တန်းစွမ်းရည်ဆုများ ချီးမြှင့်ပြီး ကင်းထောက်ကြီး ဟင်္သာတ ဦးမြင့်ငွေ ရေးစပ်သည့် "ငြိမ်းချမ်းရေး သံတမန်" တေးသီချင်းကို တက္ကသိုလ်သင်တန်းဆင်း ကင်းထောက်မောင်မယ်များက သီဆိုကြပြီး ကင်းထောက်ကတိနှင့် ကျင့်ဝတ်များရွတ်ဆိုကာ ကင်းထောက်ခြေနုတံဆိပ်နှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့တံဆိပ်များ လက်ခံရယူသည်။ 
 
သင်တန်းကို စက်တင်ဘာ (၅)ရက် မှ (၈)ရက်အထိ ကင်းထောက်ပညာရပ်များ တောစခန်းချ ပညာရပ်များ၊ သရုပ်ပြမီးပုံပွဲများ၊ "ငြိမ်းချမ်းရေး သံတမန်" တေးသီးချင်းများ၊ တီထွင်ဆန်းသစ်သည့် ကစားနည်းများကို ကင်းထောက်ကြီးများနှင့် နိုင်ငံတကာသင်တန်းဆင်း တက္ကသိုလ်ကင်းထောက်များက လေ့ကျင့်သင်ကြားပို့ချခဲ့ရာ ဟင်္သာတ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့က သိရသည်။ 
 
သတင်းစဉ်