တကောင်းမြို့၌ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့နယ်၌ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၈ ပြားနှင့် ဆေးပြားသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိသူအား ယနေ့နံနက် ၇ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

တကောင်းမြို့ အမှတ်မ(၁)ရပ်ကွက်ရှိ ကိုထွန်းဝင်း (ခ) ကျော်တင့် (၄၅)နှစ် မဌေးဌေး (၄၅)နှစ်တို့၏ နေအိမ်အား တကောင်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ထွန်းထွန်းဝင်း ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ဇနီးမောင်နှံနှစ်ဦးမှာ နေအိမ်တွင်တွေ့ရပြီး ကိုထွန်းဝင်း (ခ) ကျော်တင်၏ လက်ထဲမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ (၈)ထုပ်၊ နေအိမ်အတွင်းမှ ထုပ်ပိုးသိုဝှက်ထားသော ဆေးပြား (၃၈၈)ပြား စုစုပေါင်း (၁၉၈၈)ပြား အလေးချိန် (၁၉၈ ဒသမ ၈)ဂရမ် ကာလတန်ဖိုး ၃၉၇၆၀၀၀ ကျပ်နှင့် ဆေးပြားသုံးစွဲရာ အသုံးပြုသော ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

 

အဆိုပါတွေ့ရှိမှုများနှင့် ပတ်သက်ပြီး လက်ဝယ်တွေ့ရှိသူ ထွန်းဝင်း (ခ) ကျော်တင်နှင့် ဌေးဌေးတို့အား တကောင်းနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုကိုအောင် (တကောင်း)