တိုင်းရင်းသားရိုးရာအစားအစာ သီဟိုဠ်သီးလက်သုပ်

၂၅ မတ်

 

သီဟိုဠ်သီးကို သီဟိုဠ်သရက်သီးရယ်လို့ အချို့တွေက ခေါ်ကြပါတယ်။ ထားဝယ်ဘက်မှာတော့ ထားဝယ် ဘာသာစကားနဲ့ 'ရှစ်ကလစ်သီး' လို့ ခေါ်တာပါ။ သီဟိုဠ်သီးမှာ အခြား သစ်သီးများနဲ့ မတူတဲ့ ထူးခြားချက်က အသီးရဲ့ အစေ့ဟာ အခြား သစ်သီးများလို အသီးအတွင်းမှာ မရှိဘဲ အသီးရဲ့ အပြင်ဘက်မှာ ရောက်နေခြင်းပါပဲ။ ဒါကြောင့် ကလေးငယ်တွေက တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြတဲ့အခါ ''အရှက်မရှိတဲ့ သီဟိုဠ်သရက်စေ့'' ရယ်လို့ လှောင်ပြောင်စကား ဆိုကြပါတယ်။

 

သီဟိုဠ်ပင်ဟာ အေးတဲ့ အရပ်ဒေသများကလွဲရင် နေရာအနှံ့အပြားမှာ ပေါက်ရောက်တာမို့ ဒေသ အတော်များများမှာ ခြံလုပ်ငန်းအဖြစ် စိုက်ကြပျိုးကြ ပါတယ်။ သီဟိုဠ်စေ့ကို လှော်ပြီး သီဟိုဠ်ဆန်အဖြစ် အသုံးများကြပါတယ်။ သီဟိုဠ်ဆန်က ဈေးနှုန်းမြင့်တဲ့ ထုတ်ကုန်ဖြစ်ပြီး ပြည်ပပို့ကုန် တစ်မည်လည်း ဖြစ်ပါသေးတယ်။ သီဟိုဠ်ရွက်နု ကလေးများကိုတော့ အတို့အမြှုပ်အဖြစ် စားသုံးကြတာ တွေ့ရပေမယ့် အသီးကိုတော့ ပြည်မဘက်မှာ အသုံးပြုကြတာ နည်းပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဘက်မှာတော့ သီဟိုဠ်သီးအသားကို လက်သုပ်လုပ်ပြီး နှစ်ခြိုက်စွာ စားသုံးကြပါတယ်။

 

အထူးသဖြင့် ထားဝယ်ဘက်မှာ ဟင်းတစ်မည်အဖြစ် စားသုံးလေ့ရှိကြပြီး အလှူအတန်း တွေမှာဆိုရင် သီဟိုဠ်သီးလက်သုပ်၊ သီဟိုဠ်သီးခတ်ထားတဲ့ ကင်ပွန်းရွက် အချဉ်ဟင်းတွေနဲ့ ဧည့်ခံ ကျွေးမွေးလေ့ ရှိကြပါတယ်။ သီဟိုဠ်သီး လက်သုပ်ဟာ သီဟိုဠ်သီးရဲ့ မွှေးပျံ့တဲ့ ပင်ကိုရနံ့နဲ့အတူ ချို ချဉ် ငန် ဖန် စပ် အရသာစုံ နှောထားတာမို့ စားလို့အင်မတန်မှ အရသာတွေ့ပါတယ်။ သီဟိုဠ်သီးလက်သုပ် သုပ်မယ်ဆိုရင် အသီးအမှည့်ကို ဓားနဲ့ ထက်ခြမ်းခြမ်းပြီး အဖန်ရည်တွေစင်အောင် ဦးစွာ ညှစ်ပစ်ရပါမယ်။

 

ပြီးရင် အရည်ညှစ်ပြီးသားအဖတ်ကို လက်သုပ်သုပ်ဖို့အတွက် လက်နဲ့ အနေတော် မျှင်ပေးရပါမယ်။ အသင့်ဖြစ်ရင် မျှင်ငါးပိကင်နဲ့ ပုစွန်ခြောက်လေးစိတ်ကွဲ ထောင်းထည့်၊ ပါးပါး လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်စိမ်းတောင့်နဲ့ နံနံပင်အုပ်ကာ သံပရာရည် ညှစ်ထည့်ပြီး သုပ်လိုက်ရင် ဆီမလိုဘဲ အရသာ ထူးခြားတဲ့ သီဟိုဠ်သီး လက်သုပ်တစ်ခွက် ရပါပြီ။ သီဟိုဠ်သီးလက်သုပ်ဟာ အကုန်အကျ မများဘဲ ဆီမလို၊ အလုပ်မရှုပ်တဲ့ ချွေတာရေး ဟင်းလျာလည်း ဖြစ်တဲ့အပြင် ဆီမလိုတဲ့ ကျန်းမာရေး ဟင်းတစ်ခွက်လည်း ဖြစ်တာမို့ အိမ်ရှင်မများ လက်တွေ့စမ်းကြည့်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

 

စံလွင် (ငါးဦးစီး)