တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား  တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

နေပြည်တော်   ၆  မတ်     

         

နေပြည်တော်နှင့် ရန်ကုန်သို့ လေ့လာရေးခရီး လာရောက်ကြသော နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က တိုင်းရင်းသားများ၏ မွေးဖွားရာဇာတိ၊ နေထိုင်ရာအရပ်ဒေသ၊ ပြောဆိုသုံးနှုန်းသည့် စကား စာပေ ကိုးကွယ်သည့် ဘာသာ ဓလေ့ထုံးတမ်း အစဉ်အလာများ ကွဲပြားခြားနားကြသော်လည်း တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးမှု ရိုင်းပင်းကူညီမှု အပြန်အလှန် လေးစားမှု စသော ပြည်ထောင်စု စိတ်ဓာတ်များ အမြဲရှင်သန်နေပါက ပြည်ထောင်စုကြီးသည် ရေရှည်တည်တံ့ ခိုင်မြဲပြီး အေးချမ်း သာယာလာမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံလွတ်လပ်ရေး မရရှိမီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အားကောင်းခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် လျော့ကျသွားရခြင်းသည် တိုင်းရင်းသားများအကြား ကိန်းအောင်းနေသော ပြည်ထောင်စုစိတ်ဓာတ် ပျောက်ကင်းပြီး သံသယကိုယ်စီ ရှိနေမှု၊ စီမံခန့်ခွဲမှု လွဲမှားမှု၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းခဲ့ခြင်းကြောင့် ပြည်တွင်းစစ် ရှည်ကြာခဲ့ပါကြောင်း၊ ယခုအချိန်တွင် ပြဿနာ၏ အရင်းအမြစ်ကို သိရှိပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို ကျင်းပနေခြင်းသည် အားလုံးက လိုလားတောင့်တနေသည့့် ငြိမ်းချမ်းရေး ရရှိရေးအတွက်ဖြစ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းတွင် ကြိုးစားဖြေရှင်းနေကြရာ အားလုံးက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စာပေယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသား များ၏ စကား စာပေ  ရိုးရာ ယဉ်ကျေးမှု ကိစ္စရပ်များ၊ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့များ၏ ရန်ပုံငွေ ရရှိရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ပြည်နယ် ဦးစီးဌာန ရုံးများမှ ဝန်ထမ်းများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ပြီး တိုင်းရင်းသားဒေသတွင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ဒေသခံ တိုင်းရင်းသားများအား နေ့စားလပေး Teaching Assistant ဆရာ ဆရာမများ၊ တိုင်းရင်းသား ဘာသာသင် Language Teacher များအဖြစ် အလုပ်အကိုင်ရရှိရေး၊ သက်မွေးဝမ်းကျောင်း တက္ကသိုလ် ဒီဂရီကောလိပ် သင်တန်းများ တက်ရောက်ခွင့် ရရှိရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ တိုင်းရင်းသားများက ဉပဒေနှင့်အညီ တိုင်းရင်းသား အခွင့်အရေးများ ရရှိရေးနှင့် နစ်နာဆုံးရှုံးမှု မရှိစေရေး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကျင်းပပြုလုပ်သည့် နေ့ထူးနေ့မြတ် အခမ်းအနားများအတွက် ရန်ပုံငွေထောက်ပံ့ရေး တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦး က ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် ၄င်းတို့၏ ဇနီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ဂုဏ်ပြုပန်းစည်းနှင့် အမှတ်တရ လက်ဆောင်များပေးအပ်ရာ လေ့လာရေးအဖွဲ့ ကိုယ်စားလှယ်များက ဂါရဝပြု လက်ဆောင်များ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ကိုယ်စား ဇိုတုန်ချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးဇာဘွေ ကလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ကိုယ်စား အာခါတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ မခရစ္စတင်နာ က လည်းကောင်း ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေး အဖွဲ့များနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်စဉ် တိုင်းရင်းသား ရိုးရာတေးသီချင်းများနှင့် အကများ၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ ယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများဖြင့်  ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

တိုင်းရင်းသားလေ့လာရေးအဖွဲ့သည် နေပြည်တော်ရှိ Junction ဈေးဝယ်စင်တာ၊ ရေပန်းဉယျာဉ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)၊ ဗုဒ္ဓဂယာ(ပုံတူ)၊ မဟာသကျရံသီ၊ ဉပ္ပါတသန္တိစေတီ၊ ငလိုက်ဆည်ဆင်စခန်း၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်း ပြတိုက်၊ ဆာဖာရီဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ လွှတ်တော်၊ အမျိုးသားပြတိုက်၊ ကျောက်မျက် ပြတိုက်များသို့ မတ်လ ၄ ရက်မှ ၆ ရက်အထိလည်းကောင်း၊ ရန်ကုန်မြို့သို့ မတ်လ ၇ ရက်မှ ၈ ရက်အထိလည်းကောင်း လေ့လာရေးခရီး သွားရောက်မည်ဖြစ်သည်။

 

(သတင်းစဉ်)