တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအား တောင်ကြီးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တောင်ကြီး ၂၁ မတ်

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲကို ယနေ့   နံနက် ၉ နာရီခွဲတွင်  တောင်ကြီးမြို့ အဝေရာကုန်းမြင့်သာယာ မီးပုံးပျံကွင်းတွင်  ကျင်းပသည်။    

 

ရှေးဦးစွာ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူလေးများက  “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ” တေးသီချင်းဖြင့် ဖျော်ဖြေသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့ကျင်းပသည့် ပွဲတော်သည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၏  စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ပြသရန်နှင့် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန် စီစဉ်ကျင်းပခြင်း ဖြစ်ပါကြောင်း။

 

 

မိမိတို့နိုင်ငံတစ်ဝန်း တိုင်းရင်းသားလူမျိုးစုများအလိုက် စာပေနှင့်ယဉ်ကျေးမှု အမွေအနှစ်များ အသီးသီးရှိနေကြသော်လည်း   တချို့မှာ တိမ်မြှုပ်ပျောက်ကွယ်နေ၍ ပျောက်ပျက်မသွားအောင် ဖော်ထုတ်ပြီး အားပေးမြှင့်တင်ရန် လိုအပ်နေသည်များလည်း ရှိပါကြောင်း၊  တချို့တိုင်းရင်းသားလူမျိုးစုများမှာ ဘာသာစကား တည်ရှိသော်လည်း စာပေပေါ်ပေါက်လာရန်၊ ကူညီပံ့ပိုးပေးရန် လိုအပ်နေသည်များလည်း ရှိပါကြောင်း။ 

 

မိမိတို့နိုင်ငံသည် မတူကွဲပြားသည့် ဘာသာစကား အသီးသီးရှိကြသော တိုင်းရင်းသားလူမျိုးများစွာ အတူတကွ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့်  မိမိတို့နိုင်ငံအနေဖြင့် အသီးသီးသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းခြင်း၊  မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ခံယူပါကြောင်း၊ ယင်းနှင့် ပတ်သက်၍  ပြည်ထောင်စုသမ္မတ မြန်မာနိ်ုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်တွင် ဖော်ပြထားတာ ရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ အခန်း၊  ပုဒ်မ (၂၂) တွင် (က) နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။ (ခ) တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။ (ဂ) တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေး၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဟု ဖော်ပြထားသည်ကို တွေ့ရပါကြောင်း။ 

 

ယနေ့ ကျင်းပသည့် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် သည် ထိုအချက် (၃) ချက်နှင့်  အင်မတန်  လိုက်လျောညီ ညွတ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍   ပြောကြားသည်။

 

                     

ယင်းနောက် တိုင်းရင်းသားလူမျိုးစု စာပေ၊ စာတမ်းဖတ်ပွဲစာတမ်းရှင်များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများနှင့် ရိုးရာဝတ်စားဆင်ယင်မှု ပြခန်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အစားအသောက်များကို ရောင်းချသည့်အဖွဲ့များမှ ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူမီးပုံးပျံများ လွှတ်တင်ကြကာ ပွဲတော်တက်ရောက်လာသည့်  အကြီးအကဲများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ 

                           

ပွဲတော်ကို တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်တည်တံ့စေရန်၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအစားအသောက်၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို အားပေးမြှင့်တင်ရန်၊ တိုင်းရင်းသားလူမျိုးစုများ အချင်းချင်း ရင်းနှီးချစ်ခင်မှုမှတစ်ဆင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပိုမိုခိုင်မာ အားကောင်းလာစေရန်၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ မတ် ၂၅ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ပွဲတော်ကာလအတွင်း တိုင်းရင်းသား မျိုးနွယ်စုများ၏ စာပေစာတမ်း (၁၄)စောင်နှင့် တိုင်းရင်းသားလူမျိုးစု သမိုင်း၊ ယဉ်ကျေးမှုဓလေ့ဆိုင်ရာ စာတမ်း (၁၂)စောင် စုစုပေါင်း စာတမ်း (၂၆)စောင် ဖတ်ကြားခြင်းကို တောင်ကြီးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမတွင်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှု ပြခန်း(၂၃)ခန်း၊ ဌာနဆိုင်ရာပြခန်း (၉)ခန်း၊ စာအုပ်အရောင်းဆိုင်(၅၀)၊ ရိုးရာအစားအသောက်ပြပွဲ၊ ဈေးရောင်းပွဲများအပြင် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု အကအဖွဲ့ (၄၅)ဖွဲ့နှင့် ခေတ်ပေါ် စင်တင် တေးဂီတဖျော်ဖြေမှုများကို တောင်ကြီးမြို့၊ အဝေရာကုန်းမြင့်သာယာ မီးပုံးပျံကွင်းတွင်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် (ပြန်/ဆက်)မှ သိရသည်။

 

MDN

 

SHARE THIS ON SOCIAL MEDIA