တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်၌ လူမျိုးစုအလိုက် ယဉ်ကျေးမှုပြခန်းများနှင့် တေးသီချင်းအကပဒေသာများ ဖျော်ဖြေတင်ဆက်သွားမည်

တောင်ကြီး ၁၉ မတ်

 

တောင်ကြီးမြို့၌   မတ် ၂၁ ရက်မှ ၂၅ ရက်နေ့ အထိ ကျင်းပမည့် တိုင်းရင်းသား လူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် တိုင်းရင်းသား လူမျိုးစုအလိုက် ယဉ်ကျေးမှုပြခန်းများနှင့် တေးသီချင်းအကပဒေသာများဖြင့် ပျော်ရွှင်စွာ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဗဟိုရှမ်းစာပေယဉ်ကျေးမှုအသင်းမှာ  တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ ယဉ်ကျေးမှုအသင်းပေါင်း (၇၀)ပါဝင် ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီး တောင်ကြီးမြို့မှာ ရုံးစိုက်ပါတယ်၊ ယခုပွဲတော်မှာ တိုင်းလုံလို့ခေါ်တဲ့ ရှမ်းကြီးပြခန်း (၂)ခန်း၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလိုင်၊ တိုင်းနီစတဲ့ ပြခန်းလေးခန်းနဲ့  ရှမ်း(အရှေ့)က ဂုံရှမ်းပြခန်း စုစုပေါင်း ရှမ်းမျိုးနွယ်စုထဲက  ပြခန်းစုစုပေါင်း(၇)ခန်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်၊ အဲဒီပြခန်းတွေမှာ စာပေနဲ့သက်ဆိုင် တာတွေ၊ ကျွန်တော်တို့ ရှမ်းလူမျိုးစုရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာများနဲ့ ပတ်သက်တဲ့ ပြခန်းတွေ ပြသသွားမှာဖြစ်ပါတယ်၊ အားလုံးလာရောက်ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်လို့” ဗဟိုရှမ်းစာပေ ယဉ်ကျေးမှုအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်စိန်က ပြောကြားသည်။

 

“ကျွန်တော်ကတော့  ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လားဟူတိုင်းရင်းသားများကိုယ်စား စာတမ်းဖတ်ပွဲ၊ ယဉ်ကျေးမှု ပြခန်းနဲ့ ဖျော်ဖြေရေးအတွက် လာရောက်ခြင်းဖြစ်ပါတယ်၊ ပြခန်းအတွက် မဲနှိုက်ပါတယ်၊ လာရောက် ပြသခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်၊ အခုလို လာရောက်ရတဲ့အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ခင် လေးစားမှု၊ ခင်မင်မှု များစွာရရှိပါကြောင်း၊ ပျော်ရွှင်မှုလည်း အပြည့်အဝရရှိပါကြောင်း၊ လားဟူတိုင်းရင်းသားများရဲ့ ဝတ်စုံများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ အားကစားပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဂျတ်ခုတ်လွယ်အိတ်ပေါင်းစုံ၊ ဖုန်းအိတ်ပေါင်းစုံ စတာတွေ ပြသသွားမှာဖြစ်ပါတယ်လို့  ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျိုင်းလုံ က ” ပြောကြားပါတယ်။

 

“ကျွန်မကတော့  ရှမ်းပြည်နယ်လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်း၊ တောင်ကြီးမြို့ရဲ့ အဖွဲ့ဝင်  မငွေလှိုင် ဖြစ်ပါတယ်။ ဒီနေ့မှာတော့  ရရှိတဲ့ပြခန်းကို လာရောက်ကြည့်ရှုခြင်းဖြစ်ပါတယ်။ နောက်ရက်မှာ လီဆူတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုဝတ်စုံတွေပြသမယ်၊ အစားအသောက်တွေ ရောင်းချပေးသွားမယ်၊ ရိုးရာ တူရိယာတွေ၊ သမိုင်းကြောင်းနဲ့ ဖြစ်ပေါ်လာပုံတွေ ပြသပေးမှာဖြစ်ပါတယ်၊ အခုလို  တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုတွေ ဖွံ့ဖြိုးအောင် ပွဲတော်စီစဉ်ကျင်းပပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်၊ နောင်နှစ်များမှာလည်းကျင်းပပေးဖို့ မျှော်လင့်ပါတယ်၊ မတူညီတဲ့ ဒေသတွေက တိုင်းရင်းသားတွေနဲ့ ရင်းနှီးမှုရတယ်၊ ခင်မင်မှုရတယ်၊ ဗဟုသုတတွေရရှိတဲ့ အတွက်ကြောင့် အတိုင်းမသိ ဝမ်းသာကြည်နူးမှု ဖြစ်ပါတယ် လို့ ”ပြောကြားပါတယ်။

 

“ကျွန်တော်ကတော့ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန က အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဌာနအနေနဲ့ ယခုပွဲတော်မှာ  သန့်ရှင်းရေး နဲ့ အခမ်းအနားပြင်ဆင်ရေး အပိုင်း နှစ်ပိုင်း တာဝန်ယူထားပါတယ်။ အဲဒီလုပ်ငန်းတွေကတော့ စာတမ်းဖတ်ကြားမယ့် တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမကြီးနဲ့ ပြခန်းများ၊ ဖျော်ဖြေပွဲများ ပြုလုပ်မယ့် အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းမှာ ပြုလုပ်နေတာဖြစ်ပြီး ဖွင့်ပွဲမတိုင်မီ လုပ်ငန်းများအားလုံးပြင်ဆင်ပြီးစီးမှာ ” ဖြစ်တယ်လို့ ပြောကြားပါတယ်။

 

“ပြခန်းများ၊ တေးဂီတ ဖျော်ဖြေစင်နဲ့ အခြားလိုအပ်တဲ့ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါတယ်၊ လက်ရှိ ဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီပြီးဖြစ်ပါတယ်၊ မနက်ဖြန် မတ်လ ၂၀ ရက်နေ့မှာ တော့  လုပ်ငန်းများ အားလုံးပြီးစီးမှာဖြစ်တယ်လို့” တောင်ကြီးမြို့နယ်လမ်းဦးစီးဌာနက အငယ်တန်းအင်ဂျင်နီယာ (၂) ဒေါ်မြတ်ဆုဝင်း ဆိုပါတယ်။

 

အဆိုပါပွဲတော်ကို တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်တည် တံ့စေရန်၊ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာအစားအသောက်၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း များကို အားပေးမြှင့်တင်ရန်၊ တိုင်းရင်းသားလူမျိုးစုများအချင်းချင်း ရင်းနှီးချစ်ခင်မှုမှတစ်ဆင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအားကောင်းလာစေရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ရာ  ပွဲတော်ကာလအတွင်း  ညပိုင်းတွင်  တိုင်းရင်းသားရိုးရာအကအဖွဲ့(၄၅)ဖွဲ့၊ နိုင်ငံကျော် တေးသံရှင်များက စင်တင်တေးဂီတများဖြင့်  လာရောက်ပါဝင် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)