တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် ပဉ္စမနေ့ ဆက်လက်ကျင်းပ

တောင်ကြီး ၂၅ မတ် 

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တိုင်းရင်းသား လူမျိုးစုများ၏  စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို  တောင်ကြီးမြို့၌  ယနေ့ နံနက်ပိုင်းက ပဉ္စမနေ့ (နောက်ဆုံးရက်)အဖြစ် ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိရာ     တိုင်းရင်းသားလူမျိုးစုများ  လာရောက် လည်ပတ်လေ့လာခဲ့ကြောင်း သိရသည်။

 

 

 

အဆိုပါပွဲတော်ကို  မတ်လ  ၂၁ ရက် နေ့မှ  ၂၅ ရက်နေ့အထိ ကျင်းပရာ  တောင်ကြီးမြို့ အဝေရာ ကုန်းမြင့်သာယာ မီးပုံးပျံကွင်းရှိ တိုင်းရင်း သားလူမျိုးစုများ၏ ယဉ်ကျေးမှုပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ရိုးရာအစားအသောက်ပြပွဲ၊ ဈေးရောင်းပွဲများတွင်   တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဝတ်စုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များနှင့် စာအုပ်စာပေများအား ဝယ်ယူ သူများ၊ လေ့လာသူများနှင့်   ပြခန်းများတွင် တိုင်းရင်းသားများ ရိုရာယဉ်ကျေးမှုအကများကို ယနေ့ နံနက်ပိုင်းက လာရောက် ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်။

 

ထို့အတူ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးစာတမ်းဖတ်ပွဲကို မတ်လ၂၁ ရက်နေ့တွင် အင်းသားလူမျိုးစာဆိုရှင်များ၏ အင်းသားစာပေ စာတမ်း၊ မြန်မာဘာစကားနှင့် ရှမ်းဘာသာစကား ဖွဲ့စည်းပုံ စနစ်များ နှိုင်းယှဉ်ချက်စာတမ်း၊ အင်းသားစာပေ ပြန်လည်ဖော်ထုတ်ခြင်းနှင့် အင်းသားစာပေသမိုင်းစာတမ်း၊ ကယန်းလူမျိုးစုသမိုင်းကြောင်းစာတမ်းနှင့် မြစ်ဖျားသံလွင်ဦးမှ ကိုးကန့်တိုင်းရင်းသားများစာတမ်းစသည့် စာတမ်း (၅)စောင်ကိုလည်းကောင်း။

 

 

 

 

မတ်လ ၂၂  ရက်နေ့တွင် ဂုံရှမ်းစာပေနှင့် ပိဋကတ်သမိုင်းစာတမ်း၊ လီဆူစာပေနှင့်ရိုးရာ ယဉ်ကျေးမှုစာတမ်း၊ အာခါအမျိုးသားယဉ်ကျေးမှုနှင့် စာပေစာတမ်း၊ “ဝ”လူမျိုးတို့၏ သမိုင်းအစနှင့် စာပေယဉ်ကျေးမှုစာတမ်း၊ လားဟူ တိုင်းရင်းသား ဘာသာစကားနှင့် စာပေရှင်သန်မှုအလားအလာ စာတမ်း၊ တိမ်မြုပ် ပျောက်ကွယ် လုနီးပါး ဖြစ်နေသော အဲန်လူမျိုးများအကြောင်းစာတမ်း၊ အာခါသတ်ပုံအမျိုးမျိုးအနက် မြန်မာနိုင်ငံ အခြေခံပညာ ရေးစနစ် နှင့် ကိုက်ညီအောင် စီမံထားသော အာခါဘာသာ အရေးအသားစနစ်စာတမ်း စသည့် စာတမ်း (၇) စောင်ကို လည်းကောင်း။

 

 မတ်လ ၂၃ ရက်နေ့တွင်  လီဆူလူမျိုးစု၊ လီဆူစာပေဖြစ်ပေါ်လာခြင်း စာပေစာတမ်း၊ တိုင်းခမ်းတီ (ရှမ်း)လူမျိုးတို့၏  ကိုးကွယ်ယုံကြည်မှုစာတမ်း၊ ကချင်ပြည်နယ်ရှိ တိုင်းလိုင်(ရှမ်း)မျိုးနွယ်အကြောင်း သိကောင်း စရာစာတမ်း၊ တအာင်း(ပလောင်)တိုင်းရင်းသား စာပေဆိုင်ရာစာတမ်း၊ တိုင်းနေရှမ်းတိုင်းရင်းသား လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများစာတမ်း၊ တိုင်းဆာ(ခ)မိုင်းတာတိုင်းရင်းသားလူမျိုးစုတို့၏ သိမှတ်ဖွယ်ရာ အဖြာ ဖြာ စာတမ်း၊ ကချင်တိုင်းရင်းသားလူမျိုးစုတို့၏  ကချင်စာပေသမိုင်းစာတမ်း စသည့် စာတမ်း (၇)စောင်ကို လည်းကောင်း။

 

 

မတ်လ ၂၄ ရက်နေ့တွင် ယင်းနက် တိုင်းရင်းသားလူမျိုးစုတို့၏ နေထိုင်မှုနှင့် ရိုးရာဓလေ့များစာတမ်း၊ ယင်းကျားတိုင်းရင်းသားလူမျိုးစုတို့၏ နေထိုင်မှုနှင့် ရိုးရာဓလေ့များစာတမ်း၊ ဓနုတိုင်းရင်းသား ဘာသာစကားနှင့် မြန်မာစာဆက်နွှယ်မှုစာတမ်း၊ ရှမ်းအက္ခရာနှင့် ရှမ်းစာပေစာတမ်း၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးစုစာပေစာတမ်း၊ ထနော့ရိုးရာယဉ်ကျေးမှု အသုံးအဆောင်စာတမ်း၊ တောင်ရိုးတိုင်းရင်းသားလူမျိုးစုတို့၏ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုသမိုင်းစာတမ်း၊ ရှမ်းတိုင်းရင်း သားလူမျိုးတို့၏ ဂန္ထဝင်ရှမ်းစာ၊ မဟာစကားပြေနှင့် စကားပြော လင်္ကာစာတမ်း စသည့် စာတမ်း(၈) စောင်အပါအဝင်  စုစုပေါင်းစာတမ်း (၂၇) စောင်အား   အောင်မြင်စွာ ဖတ်ကြားပြီးခဲ့ကြောင်း သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)