တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် နောက်ဆုံးညအဖြစ် တိုင်းရင်းသားလူမျိုစုများ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

တောင်ကြီး ၂၅  မတ်

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို တောင်ကြီးမြို့၊  အဝေရာကုန်းမြင့်သာယာ မီးပုံးပျံ ကွင်းတွင် ကျင်းပပြုလုပ်ရာ  ယနေ့ ပွဲတော်နောက်ဆုံးညအဖြစ် ည ၇ နာရီက စတင်ကာ  တိုင်းရင်းသားလူမျိုးစုများက  ရိုးရာယဉ်ကျေးမှု အကများဖြင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အဓွန့်ရှည်တည်တံ့စေရန်၊ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာအစားအသောက်၊ အဝတ်အထည် နှင့် အသုံးအဆောင်ပစ္စည်းများကို အားပေးမြှင့်တင်ရန်၊ တိုင်းရင်းသားလူမျိုးစုများ အချင်းချင်း ရင်းနှီးချစ်ခင်မှုမှ တစ်ဆင့်  တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ အားကောင်းလာစေရန်နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ  ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကာ မတ်လ  ၂၁ ရက် နေ့မှ  ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည်။                                                                                  

တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် ပွဲတော်ကာလ အတွင်း တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေစာတမ်း (၁၅) စောင်နှင့် တိုင်းရင်းသား လူမျိုးစုသမိုင်း၊ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ စာတမ်း (၁၂) စောင် စုစုပေါင်းစာတမ်း (၂၇) စောင် ဖတ်ကြားခြင်းကို တောင်ကြီးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှု ပြခန်း(၂၃)ခန်း၊ ဌာနဆိုင်ရာ ပြခန်း (၉)ခန်း၊ စာအုပ်အရောင်းဆိုင် (၅၀) ဆိုင်၊ ရိုးရာအစားအသောက်ပြပွဲ၊ ဈေးရောင်းပွဲများအပြင် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှုအကအဖွဲ့ (၄၅)ဖွဲ့နှင့် ခေတ်ပေါ်စင်တင် တေးဂီတ ဖျော်ဖြေမှုများကို  တောင်ကြီးမြို့၊ အဝေရာကုန်းမြင့်သာယာ မီးပုံးပျံကွင်းတွင်လည်းကောင်း  စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)