တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် စတုတ္ထနေ့ ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းရင်းသားများ လာရောက်လေ့လာ

တောင်ကြီး  ၂၄ မတ် 

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြီးမှူးကျင်းပသည့် တိုင်းရင်းသားလူမျိုးစုများ၏  စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် တောင်ကြီးမြို့၌ စတုတ္ထနေ့ ဆက်လက် ကျင်းပပြုလုပ် လျက်ရှိရာ   ယနေ့ နံနက်ပိုင်းက  တိုင်းရင်းသားလူမျိုးစုများ အဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိ ကြောင်းသိရသည်။

 

 

ထိုသို့လာရောက်လည်ပတ်လျက်ရှိရာ  တောင်ကြီးမြို့ အဝေရာကုန်းမြင့်သာယာ မီးပုံးပျံကွင်းရှိ တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှုပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ရိုးရာ အစား အသောက် ပြပွဲ၊ ဈေးရောင်းပွဲများတွင်   တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဝတ်စုံများ၊ အသုံးအဆောင် ပစ္စည်းများ၊ အစားအသောက်များနှင့် စာအုပ်စာပေ  ဝယ်ယူသူများ၊ လေ့လာသူများနှင့်   ပြခန်းများတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများအား လာရောက်ကြည့်ရှုကြသည်။ အလားတူ ညပိုင်းတွင် ရိုးရာယဉ်ကျေးမှု အကအဖွဲ့ များက တစ်ရက်လျှင် (၉)ဖွဲ့အပြင် နိုင်ငံကျော် တေးသံရှင်များက စင်တင်တေးဂီတ တို့ဖြင့်  ဖျော်ဖြေ လျက်ရှိသည်။

 

 

အဆိုပါပွဲတော်ကို တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်တည် တံ့စေရန်၊ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာအစားအသောက်၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို အားပေးမြှင့်တင်ရန်၊ တိုင်းရင်းသားလူမျိုးစုများ အချင်းချင်း ရင်းနှီးချစ်ခင်မှုမှတစ်ဆင့်        တိုင်းရင်းသားစည်း လုံးညီညွတ်မှု ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ  ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ မတ်လ  ၂၁ ရက် နေ့မှ  ၂၅ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)