တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော် အကြိုလေ့ကျင့်

တောင်ကြီး ၂၀ မတ် 

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြီးမှူးကျင်းပသည့်တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို မတ် ၂၁ ရက်မှ ၂၅ ရက်အထိ  တောင်ကြီးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ  ယနေ့ မတ် ၂၀ ရက်နေ့၊ နံနက်က  ဖွင့်ပွဲကျင်းပမည့် အဝေရာ ကုန်းမြင့်သာယာ မီးပုံပျံကွင်းတွင် ဖွင့်ပွဲအကြို အစမ်းလေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ဖွင့်ပွဲကို မတ်လ ၂၁ ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ တိုင်းရင်းသား လူမျိုးစုများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းဆိုင်ရာစာတမ်း(၂၆)စောင်ကို တောင်ကြီးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်  မတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ မွန်းလွဲ ၁ နာရီအချိန်၌ စတင် ဖတ်ကြား သွားမည်ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအသုံးအဆောင် ပစ္စည်းများပြခန်း၊ ရိုးရာအစား အသောက်ပြပွဲ၊ ဈေးရောင်း ပွဲများ ပြသရောင်းချခြင်းတို့အပြင်  ရိုးရာယဉ်ကျေးမှုအကအဖွဲ့ (၄၅)ဖွဲ့နှင့် ခေတ်ပေါ်စင်တင်တေးဂီတများ ကို တောင်ကြီးမြို့၊ အဝေရာကုန်းမြင့်သာယာ မီးပုံးပျံကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

 

 

ယနေ့ ဖွင့်ပွဲအကြို အစမ်းလေ့ကျင့်မှုကို  အဝေရာကုန်းမြင့်သာယာ မီးပုံးပျံကွင်းရှိ ဖွင့်ပွဲ စတိတ်စင်ရှေ့၌ ကျင်းပပြုလုပ်ရာ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်  ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး  ဒေါက်တာ အောင်သန်းမောင် ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ စာတမ်းစိစစ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် ၊ လုပ်ငန်းကော်မတီ အသီးသီးမှ ဌာနဆိုင်ရာများ ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

 

 

ဝေယံလင်း(ပြန်/ဆက်)