တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ၊ ဆရာမများကို နေ့စားလပေးဝန်ထမ်းများအဖြစ် ခန့်ပေးမည်

မော်လမြိုင် ၄ အောက်တိုဘာ


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် လက်ရှိတိုင်းရင်းသားစာပေ ဘာသာစကားသင်ကြားနေသော တစ်လကျပ် ၃၀ဝ၀ဝ ရရှိနေသူ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများကို နေ့စားလပေး ဆရာ၊ဆရာမများအဖြစ် ခန့်ထားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သိရသည်။

တိုင်းရင်းသားစာပေ ဘာသာစကားသင်ကြားနေသော ဆရာ၊ဆရာမများသည် ပညာရေးဝန်ကြီးဌာနတွင် နေ့စားလပေးများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လိုပါက သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တစ်ဦးဦး သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် ဝန်ကြီးတစ်ဦးဦး၏ ထောက်ခံစာနှင့်အတူ အောက်တိုဘာ ၃၁ ရက်အရောက် လျှောက်လွှာများကို ပေးပို့ရမည်ဖြစ်သည်။

လျှောက်ထားသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည့်အပြင် လက်ရှိပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံကျောင်းများတွင် သက်ဆိုင်ရာ တိုင်းရင်းသားစာပေဘာသာ သင်ကြားနေသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ သတ်မှတ်ထားသော ကျောင်းစာသင်ချိန် စည်းကမ်းအတိုင်း လိုက်နာကျင့်သုံးသင်ကြားနိုင်သူများ ဖြစ်ရမည်ဖြစ်သည်။

“တိုင်းရင်းသားစာပေ သင်ကြားရေးကို တိုင်းရင်းသားတွေက လိုလားမှုရှိနေပါတယ်။ အရင်က တစ်ရက်ကို တစ်ချိန်စာနဲ့ တစ်လ ၃၀ဝ၀ဝ ထောက်ပံ့ကြေးပေးနေရာကနေ ပြီးခဲ့တဲ့ရက်ပိုင်းက နေ့စားလပေးအဖြစ်ခ န့်ပေးမယ်ဆိုပြီး စာထွက်လာတယ်။ ထောက်ပံ့ကြေးပေးတာထက်စာရင် ပိုခိုင်မာလာတယ်၊ ပိုကောင်းလာတယ် ပြောရမှာပါ။ နောက်ပြီးရင် အမြဲတမ်းဝန်ထမ်းဖြစ်သွားမှာပဲလေ။ တိုင်းရင်းသားတွေက တရားဝင် စာသင်ကြားခွင့်ရပြီး မိမိတို့စာပေကို ပိုပြီးမြှင့်တင်ချင်စိတ်တွေ ရှိကြပါတယ်” ဟု  မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

မွန်ပြည်နယ်တွင် မွန်၊ စကောကရင်၊ အရှေ့ပိုးကရင်၊ ပအို့ဝ် စသည့် တိုင်းရင်းသားဘာသာစာပေ လေးမျိုးကို သင်ကြားပေးလျက်ရှိပြီး တစ်ပြည်နယ်လုံးကျောင်းပေါင်း ၅၇၃ ကျောင်း၊ ကျောင်းသားဦးရေ ၄၃၀၉၃ ဦးနှင့် သင်ကြားရေးဆရာ/ဆရာမ ၁၂၆၅ ဦးရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ စက်တင်ဘာလကုန်အထိ ရယူထားသော အချက်အလက်များအရ သိရသည်။

မြတ်မွန်ထွေး