တိုင်းရင်းသားအချင်းချင်း လက်ချင်းဆက်၍ ...

၅ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ၏ တောတောင်ရေမြေအလှအပနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများအား တန်ဖိုးထားထိန်းသိမ်းလာစေရန် တိုင်းရင်းသားများ ရိုးရာအဝတ် အထည်များ၊ ဒေသထွက်ကုန်များကို မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများပါသိရှိပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်စေရေး ရည်ရွယ်ချက်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် "သွေးချင်းတို့ရဲ့ပွဲတော်" ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပနေသည်။

 

တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကို အဓိကထားသည့်ပွဲတော်ဖြစ်သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မြဲစေရန် ဖော်ဆောင်ပေးသည့် ပွဲတော်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တောင်ပေါ်တိုင်းရင်းသားဒေသများမှာ ဝေးလံခေါင်သီသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးရသည့်အထဲ မငြိမ်းချမ်းမှုများနှင့်လည်း ကြုံတွေ့နေရသည်။ မငြိမ်းချမ်း၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍ မငြိမ်းချမ်းမှုတို့သည် အပြန်အလှန်တည်မှီနေသောကြောင့် တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးကို တည်ဆောက်စဉ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်ကြရသည်။

 

သဘာဝကြီးက လက်ဆောင်ပေးထားသည့် သဘာဝပတ်ဝန်းကျင် အလှအပများ၊ သယံဇာတများ၊ ရိုးရာအဝတ်အထည်များအပါအဝင် ဒေသထွက်ကုန်များ၊ ဆန်းသစ်တီထွင်ဉာဏ်နှင့် ခေတ်ပေါ်နည်းပညာများကို အခြေပြုပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များ အဆင့်မြှင့်တင်ရေး၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ပေါ်လာစေရန် "သွေးချင်းတို့ရဲ့ ပွဲတော်" မှတစ်ဆင့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ သွေးချင်းတို့ရဲ့ ပွဲတော်ကို ယမန်နှစ်ကစ၍ တိုင်းရင်းသားများ ဒေသအက္ခရာစဉ်အလိုက် အကောင်အထည်ဖော်လျက်ရှိပြီး ယမန်နှစ်က ကချင်၊ ယခုနှစ် ကယားဖြင့် အသီးသီးဖော်ဆောင်သွားမည် ဖြစ်သည်။

 

သဘာဝကပေးထားသော တိုင်းရင်းသားဒေသများမှ ယဉ်ကျေးမှုအမွေအနှစ်များမှာ မြတ်နိုးဖွယ်ရာ၊ တန်ဖိုးထားစရာများဖြစ်သည်။ သို့သော် လူတို့က ထိုအလှတရားများကို ဖျက်ဆီးခဲ့ကြသဖြင့် အကျည်းတန်အရုပ် ဆိုးသောနေရာများ ဖြစ်ခဲ့ရသည်။ တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲ ရောက်ကြရသည်။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေရသည်။ ထို့ကြောင့် သွေးချင်းတို့ရဲ့ ပွဲတော်မှတစ်ဆင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေး၊ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ကြေးမုံ