တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ သထုံတွင် ကျင်းပ

သထုံ ၁၉ မေ

 

မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီနှင့် သထုံမြို့နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၁၉ ရက်၊ နံနက် ၁၀ နာရီက သထုံမြို့ အောက်ကျင်းရပ်ကွက်ရှိ သုဝဏ္ဏခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က အမှာစကား ပြောကြားပြီး တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးခွန်ရွှေသင်းက ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သထုံမြို့နယ်အတွင်းရှိ ကရင်၊ ပအိုဝ်း၊ မွန် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများ၊ ကျောင်းအုပ် ဆရာ/ဆရာမကြီးများနှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့က ကဏ္ဍအလိုက် သိလိုသည်များနှင့် ဆောင်ရွက်ပေးစေလိုသည်တို့ကို ဆွေးနွေးမေးမြန်းရာ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၃၀ဝ နီးပါးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)