တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ကောက်သစ်လှူပွဲ၏ အနှစ်သာရ

သတင်း-စိုင်းသာလှိုင် (လိမ္မော်မြေ)၊ ဓာတ်ပုံ-စိုင်း (သီပေါ)

 

ဆောင်းဦးလေညင်းညင်းတွင် စပါးပင်ပျိုတို့ ယိမ်းကနေသည်။ မြန်မာနိုင်ငံလယ်မြေ အနှံ့တွင် ကောက်စပါးများ သင်းပျံ့ကြိုင်လှိုင်လေပြီ။ စုပေါင်းကောက်ရိတ်သိမ်းရေးအတွက် တောင်သူဦးကြီးတို့ ပြင်ဆင်ကြချေပြီ။ ကောက်ရိတ်ဦးကောက်သစ်ကို စုပေါင်းလှူဒါန်းကြသော ကောက်သစ်လှူပွဲကို ရှမ်းတိုင်းရင်းသားတို့ ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ တပျော်တပါး ဆင်နွှဲကြပေတော့မည်။

 

ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားမျိုးနွယ်စု ၃၃ မျိုး နေထိုင်လျက်ရှိပေသည်။ လူမျိုးစု အခေါ်အဝေါ်များ ပြောင်းလဲသော်လည်း ရိုးရာဓလေ့များမှာ ပြောင်းလဲမှုမရှိပေ။ အခြား တိုင်းရင်းသားလူမျိုးများနည်းတူ ရှမ်းတိုင်းရင်းသားများ ပြုလုပ်လေ့ရှိသော ရှမ်းရိုးရာပွဲတော်များအနက် ကောက်သစ်လှူပွဲတော်မှာ အထူးထင်ရှားလှပေသည်။ ယင်းပွဲတော်များအနက် ရှမ်းနှစ်သစ်ကူးပွဲတော်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာရ ခြင်းမှာ သာသနာသက္ကရာဇ်  ၄၅၀ ပြည့်နှစ် နတ်တော်လဆန်း ၁ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသသို့ ဗုဒ္ဓသာသနာ ရောက်ရှိချိန်မှစ၍ ရှမ်းသက္ကရာဇ် စတင်ခဲ့သည်ဟုဆိုသည်။ ယခုမြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်သည် ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ်ဖြစ်ပေသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာသာသနာကို အလေးအမြတ်ပြုသည့် အနေဖြင့် နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့ ကို ရှမ်းနှစ်ဆန်း ၁ ရက်နေ့အဖြစ် သတ်မှတ်၍ ရှမ်းနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ကြ ပေသည်။ ရှမ်းနှစ်သစ်ကူးနေ့အရ နတ်တော်လကို ရှမ်းဘာသာဖြင့် “လိန်ကျိန်” မြန်မာဘာသာ ဖြင့် ပထမ၊ ပြာသိုလကို “လိန်ကမ်”  ဒုတိယလ နှင့် တပို့တွဲလကို တတိယလ၊ တပေါင်းလကို စတုတ္ထလစသည်ဖြင့် တန်ဆောင်မုန်းလကို နှစ်၏ နောက်ဆုံး ၁၂ လဟု သတ်မှတ်ခေါ်ဝေါ် ကြပေသည်။

 

ရှမ်းနှစ်သစ်ကူးပွဲတော်ကို တန်ဆောင်မုန်း လကွယ်နေ့ည ၁၂ နာရီတိတိအချိန်တွင် မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်း၊ ကောက်သစ် ကောက်ညှင်းဆန်ဖြင့် ပြုလုပ်သော ကောက်ညှင်းချွန်ထုပ်၊ ကောက်ညှင်းကျည်တောက်၊ ကောက်ညှင်းပေါင်းများ ဝေငှ ကျွေးမွေးခြင်းနှင့် ရိုးရာယဉ်ကျေးမှုအဆို၊ အတီး၊အကများဖြင့် ချမ်းအေးသော နှင်းမှုန်များအောက်တွင် မီးပုံပွဲကျင်းပကာ သာယာနာပျော်ဖွယ် ရှမ်းအိုးစည်သံများနှင့် ရှမ်း နှစ်သစ်မင်္ဂလာ အခါသမယကို စည်ကားသိုက်မြိုက်စွာ ကြိုဆိုလေ့ရှိကြပေသည်။

 

အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့်အတူ ကောက်သစ်လှူပွဲ အခမ်းအနားကိုပါ ပူးတွဲ ကျင်းပရာ “တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်း တောင်သူတူနိုင်ရိုးလား” ရှေးဆိုရိုးစကားနှင့် အညီ ၎င်းတို့လယ်မြေများမှ ထွက်ရှိသော ကောက်သစ်များဖြင့် ဘုရားအမှူးပြုသော ရဟန်းသံဃာတော် အရှင်သူမြတ်များကို ဦးဦးဖျားဖျား ဆွမ်းကပ်လှူဒါန်းသမှုပြုပြီး နှစ်သစ်ချိန်ခါသမယတွင် ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းများအား ဖိတ်ကြားလျက် ကောက်သစ်ဖြင့် ချက်ပြုတ်ထားသော ထမင်း ဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေး၍ မိတ်ဆုံစားပွဲ ကျင်းပနိုင်ရန်၊ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ မပျောက်ပျက်စေရန်၊ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြကြောင်း သိရသည်။

 

ကောက်သစ်လှူပွဲနေ့တွင် ကိုယ်စီ သယ်ဆောင်လာသော ပေါ်ဦးပေါ်ဖျား သစ်သီးဝလံများကို ဘုန်းတော် ကြီးကျောင်းနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများကို ပူဇော်ကန်တော့ကြသည်။ ထိုသို့ ပူဇော်ကန်တော့ခြင်းဖြင့် သီးနှံများအထွက် ပိုလာသည်ဟု အယူရှိ ကြသည်။ ထို့အပြင် တောင်သူလယ်သမားများ၏ ကျေးဇူးရှင်သဖွယ်သတ်မှတ်ခြင်း ခံရ သော ကျွဲ၊ နွားများကိုလည်း ကျွေးမွေးကြ သည်။

 

ထို့နောက် မိမိတို့ယူဆောင်လာသည့် သစ်သီးဝလံများအား မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းချက်ပြုတ်၍ ပျော်ရွှင်စွာ စားသောက်ကြသည်။ ကောက်သစ်လှူပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရာယဉ်ကျေးမှု အစဉ်အလာ ထိန်းသိမ်းခြင်းနှင့် လယ်ယာတောင်ယာသမားချင်း အတွေ့အကြုံ ဖလှယ်ကြခြင်းဖြစ်သည်ဟု ဆိုရပေမည်။ သက်ကြီးစကား သက်ငယ်ကြားသည်။ ဝါရင့်သူက ဝါနုသူကို ပညာပေးသည်။ ဝါရင့်သူချင်း သီးနှံအထွက်တိုးရေးအတွက် နှီးနှော၍ နောင်နှစ်အတွက် မိမိတို့ရိုးရာ အမှတ်အစွဲများကို အခြေခံသောအသိဖြင့် ဥတုရာသီကို ခန့်မှန်းကြသည်။ လူလတ်၊ လူငယ် တောင်ယာသမားများက ဝါရင့်ပုဂ္ဂိုလ် ကြီးများ၏ စကားကို မှတ်သားကြသည်။

 

ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအခါကြီးရက်ကြီး ပွဲလမ်းသဘင်များတွင် တစ်ခုအပါ အဝင်ဖြစ်သော “ကောက်သစ်လှူပွဲသည်” ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် အတူကျင်းပလေ့ရှိရာ ပျော်ရွှင်ကြည်နူးစရာ ကောင်းသည်နှင့်အမျှ တိုင်းရင်းသားချင်း ရင်းနှီးချစ်ခင်မှု မေတ္တာရနံ့များကလည်း ဆွတ်ပျံ့ကြိုင်သင်းနေသည်။ ကောက်သစ်လှူပွဲသည် မိသားစု ထမင်းဝိုင်းအသွင်ကို ဆောင်စေသည်။ ကောက်သစ်လှူပွဲတော်တွင် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ပလောင် တောင်သူ၊ လီဆူး၊ မြန်မာ စသည့် ညီနောင်နွယ်ဖွား တိုင်းရင်းသားများ ထမင်းလက်ဆုံစားကြသည်။ အပြုံးချင်း ဖလှယ်ကြသည်။ အသိချင်းနှီးနှော၍ မေတ္တာ စကားဆိုကြသည်။

 

ကောက်သစ်လှူပွဲ၏ မြင်ကွင်းသည် မင်္ဂလာအပေါင်း ပြည့်စုံခညောင်းစေသည်။ လူတိုင်း၏ မျက်နှာတွင် အပြုံးပန်းဝေဝေ ဆာဆာရှိ၏။ မြစိမ်းရောင်ဖက်နှင့် ထုပ်ထား သော ကောက်သစ်ကောက်ဦး ထမင်းကလည်း ကောက်သစ်နံ့ တကြိုင်ကြိုင်သင်း ရနံ့မွှေးပျံ့လှသည်။ ပွဲတော်သို့ ရောက်ရှိလာသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများကိုလည်း ထမင်းထုပ်များဝေငှကာ တပျော်တပါး ဝိုင်းဖွဲ့ စားသောက်ကြသည်။ ရှမ်းတိုင်းရင်းသားများသည် မိမိတို့စုပေါင်းကျင်းပသည့် ကောက်သစ်လှူပွဲကို ရွှင်လန်းချမ်းမြေ့ဖွယ်ဖြစ်အောင် ကျွေးမွေးရက်ရောမှု စေတနာဖြင့် အလှဆင်သည်သာမက ရိုးရာယဉ်ကျေးမှု အကပဒေသာ များဖြင့်လည်း ဧည့်ခံဖျော်ဖြေကြသည်။

 

ကောက်သစ်လှူပွဲတော်ညတွင် မောင်းသံ၊ လင်ကွင်းသံ၊ ရှမ်းအိုးစည်သံများ၊ ရိုးရာ လေမှုတ် တူရိယာသံများ နှင့် တီးကွက်လှလှ၊ စည်းချက်ကျကျဖြင့် ကပြသော ရှမ်းရိုးရာကိန္နရီ၊ ကိန္နရာ၊ တိုးနရား၊ ဓား၊ တုတ်သိုင်းအကနှင့် ပဒေသာအကများကိုပါ ရှုစားနိုင်ကြသည်။ ယင်းအကများထဲတွင် လယ်ယာပိုင်း လုပ်ငန်းခွင်နှင့်ပက်သက်သော အကများလည်း ပါရှိလေရာ ရှမ်းတိုင်းရင်းသားများသည် မိမိတို့၏ အသက်သွေးကြောတောင်ယာ လုပ်ငန်းကို အလေးအနက်ထားကြောင်း သိနိုင်ပေသည်။

 

သူတို့သည် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းကို အလေးအနက်ထားကြပြီး တောင်ယာကို ချစ်ခင်ကြသည်။ တောင်ပေါ် ဒေသစိုက်ပျိုးရေးလုပ်ငန်းသည် မြေပြန့်မှ လယ်ယာစိုက်ပျိုးရေးထက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရပေသည်။ တစ်နှစ်ပတ်လုံး နေပူမိုးရွာမရှောင် ချွေးနှင့်ရင်း၍ စိုက်ပျိုးရသောစပါးခင်းများမှ စပါးများရင့်မှည့်ချိန်ရောက်လျှင် သူတို့အမောပြေရသည်။ ပင်ပန်းသမျှ ရွှင်လန်းရသည်။ ကောက်သစ်ကောက်ဦးပေါ်ချိန်တွင် ခံစားရသော ပီတိအဟုန်ကား အနှိုင်းအဆမရှိတော့ပါပြီ။

 

ကောက်သစ်လှူပွဲကျင်းပခြင်းကို ရှမ်း တိုင်းရင်းသားဘာသာစကားဖြင့် “ပွဲလှူ ခေါက်မိုင်တိုင်း” ဟု ခေါ်သည်။ ရှမ်း တိုင်းရင်းသားတို့ ပျော်ရွှင်မဆုံး ပီတိဖုံးချိန်သည် “ပွဲလှူခေါက်မိုင်တိုင်း” ရာသီစပါး ပေါ်ချိန်ပင်ဖြစ်သည်။

 

စပါးပေါ်ချိန်တွင် တစ်ဦးချင်း တစ်ကိုယ်ရေ ဝမ်းသာပျော်ရွှင်ရရုံဖြင့် အားမရနိုင်ဘဲ ဆွေမျိုး မိတ်သင်္ဂဟများကို ဖိတ်ခေါ်ကာ ကောက်သစ်လှူပွဲ ကျင်းပပြီး ဝမ်းမြောက်အနုမောဒနာတရားကို မျှဝေခံစားစေခြင်းမှာ ရှမ်းတိုင်းရင်းသားများ၏ ရိုးသားဖြူစင်သည့် အလေ့အထများဖြစ်သလို ယခုနှစ်တွင်လည်း ကောက်သစ်လှူပွဲ၏ အနှစ်သာရမှာ ပိုမိုပီပြင်လာတော့မည် ဖြစ်ကြောင်း တင်ပြရပါသတည်း။

 

 

ကြေးမုံ