တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ဖော်ဆောင်ရေး ဆွေးနွေးပွဲကျင်းပ

မိုင်းဖြတ် ၁၀ ဧပြီ 

 

တိုင်းရင်းသား လူမျိုးတို့၏ စာပေနှင့် ယဉ်ကျေးမှုဓလေ့များကို မြတ်နိုးတန်ဖိုးထား လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပပြုလုပ်သည်။

 

 

ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

 

 

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များ ပြုစုထိန်းသိမ်းနိုင်ရေး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) အား အဆင့်မြင့်တင်နိုင်ရေး စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အသီးသီး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသက်လွင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြောင်း သိရသည်။

 

ရှောလမွန် (ပြန်/ဆက်)