တိုင်းပြည်ဝင်ငွေ တိုးတက်ဖို့ ပုစွန်တိုးချဲ့မွေးကြစို့

မောင်အောင်

“ကိုအောင်ရေ- ညနေ ရုပ်မြင်သံကြားသတင်းမှာ မင်းတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (၂၅)ကြိမ်မြောက်စကားဝိုင်းမှာ ပုစွန်မွေးမြူရေး တိုးချဲ့ဆောင်ရွက်ကြဖို့ ဆွေးနွေးကြတဲ့ သတင်းပါလာတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မင်း တနင်္သာရီတိုင်းကိုသွားပြီး ပုစွန်မွေးမြူရေးကန်တွေကို လိုက်ပြီးစစ်၊ ပုစွန်မွေးမြူရေးသမားတွေနဲ့ တွေ့ဆုံတဲ့သတင်းတွေ ဖတ်လိုက်ရတယ်။ မင်းတို့လိုင်းက ပုစွန်ဘက်ကို ပြောင်းသွားတာလား။”

ည ၈ နာရီသတင်းအပြီး ဖုန်း Viber (ဗိုက်ဘာ)မှ မက်ဆေ့ချ်(Message)ဝင်သံကြား၍ ကြည့်လိုက်မိသည်။ ကျွန်တော့်အစ်ကိုကြီး ပို့လိုက်တာဖြစ်သည်။ သည်တော့ တယ်လီဖုန်းမှလည်း ခေါ်ထားကြောင်း သတိပြုမိ၍ အစ်ကိုကြီးထံ ဖုန်းပြန်ဆက်ဖြစ်သည်။

“ပုစွန်လိုင်းပြောင်းတာ မဟုတ်ဘူး အစ်ကိုကြီးရ။ တကယ်တမ်းပြောရရင် လိုင်းပေါင်းစုံလို့ ပြောရမှာ။ အစ်ကိုကြီး စဉ်းစားကြည့်လေ။ လူတွေမှာ စား၊ ဝတ်၊ နေရေး ဒီသုံးခုမှာ စားရေးက အဓိကအရေး အကြီးဆုံး။ ဒီစားဖို့သောက်ဖို့ဟာ ကျွန်တော်တို့ ဝန်ကြီးဌာနက လုပ်ပေးရတာ အစ်ကိုကြီး အသိပဲလေ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆန်ကို အဓိက ထားပြီးစားတယ်။ ထမင်းစားတယ်။ ထမင်းစားတော့ ဟင်းလေးကပါဦးမှ။ ဟင်းမှာ ဟင်းသီးဟင်းရွက်တို့၊ ပဲတို့က အာဟာရဖြစ်ပေမယ့် သားငါးလေးတော့ လူတိုင်းစားချင်ကြတယ်။ တပ်မက်ကြတယ်။ ထမင်းနဲ့ ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးရေးက ထုတ်လုပ်ပေးရတယ်။ အဲဒီထမင်းနဲ့ တွဲဖက်ပြီးစားဖို့ သားငါးက မွေးမြူရေးက ထုတ်လုပ်ပေးရတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာနက လူတွေရဲ့ ဗိုက်ကို ဖြည့်ပေးတဲ့အပြင် တိုင်းပြည်ရဲ့ ဝင်ငွေတိုးတက်အောင် ရှာဖွေပေးနေတဲ့ အဓိကဝန်ကြီး ဌာနကြီးပေါ့။”

ပုစွန်မွေးတာရော သေချာရှိလို့လား

“အေး အေး ဟုတ်ပါပြီ။ မင်းမှ အပြောကောင်း။ ဒါနဲ့ ပုစွန်နဲ့ ငါးက ပုစွန်ကဈေးကြီးတာတော့ မှန်ပါတယ်။ ငါးက လူအစားများတာပဲ။ တချို့ဆို ပုစွန် ကြိုက်တောင် မကြိုက်ဘူး။ တို့မြန်မာပြည်မှာ ပုစွန် မွေးမြူတဲ့ကန်ရော ဘယ်လောက်ရှိလို့လဲ။ ပြီးတော့ ပုစွန်မွေးတာရော သေချာရှိလို့လား။ ငါ သေချာမသိလို့ မေးတာနော်။ စိတ်တော့ မရှိနဲ့။”

အစ်ကိုကြီးက စေ့စပ်သည်။ သေချာသည်။ သူသိချင်တာကလည်း တကယ်အရေးကြီးသည့်အချက်။

“ရှိတာပေါ့ အစ်ကိုကြီးရ။ ကျွန်တော်တို့နိုင်ငံမှာ ပုစွန်မွေးတဲ့ဧကက စာရင်းဇယားအရ ပြောရရင် ဧက ၁၁၃၇၃ဝ ရှိတယ်။ ပြီးတော့ အစ်ကိုကြီးမေးသလိုပဲ၊ သေချာစနစ်တကျ မွေးတာကတော့ ဧက ၁ဝဝဝဝ လောက်ပဲရှိတယ်။ ကျန်တဲ့ဧကတစ်သိန်းက သမားရိုးကျ မွေးမြူနည်းစနစ်နဲ့ မွေးတာ။ ဧကတစ်သောင်းလောက်ကတော့ စနစ်တကျ မွေးမြူတာ။”

“အေးပါ။ ငါထင်တော့ ထင်သားပဲ။ မင်းပြောသလို ဧကတစ်သိန်းကျော်သာ ပုစွန်သေချာမွေးရင် ဒီလောက်ဈေးကြီးမှာ မဟုတ်ဘူး။ ငါတို့လည်း ပုစွန်ကို မုန်းလောက်အောင် စားရမှာ။ အခုတော့ကွာ ပုစွန်က ရှားပါးပစ္စည်း။ ဈေးကလည်း ကြီးမှကြီး။ ဘာလဲကွ သမားရိုးကျမွေးမြူနည်းစနစ်ဆိုတာ။”

“အစ်ကိုကြီးရေ သမားရိုးကျမွေးနည်းစနစ်ဆိုတာ ဒီရေအတက်အကျပေါ်မှာ မူတည်ပြီး မွေးတာ။ ကျွန်တော်တို့ မြန်မာပြက္ခဒိန်ပါ လတွေမှာ လဆန်း၊ လဆုတ်၊ လကွယ်၊ လပြည့် ဆိုပြီးရှိတယ်။ လပြည့်ကျော်ရင် လဆုတ်လို့သတ်မှတ်ပြီး လကွယ်ကျော်ရင် လဆန်းလို့သတ်မှတ်တယ်။”

“အဲဒါ ငါသိပါတယ်ကွာ။ ငါက မင်းထက်အရင် ထမင်းစားတာပါ။”

အစ်ကိုကြီးက စိတ်မရှည်သံနှင့် ပြောလာသည်။

“ဟုတ်ပါတယ် အစ်ကိုကြီးရာ။ ကျွန်တော်က အစ်ကိုကြီးရှင်းအောင် ပြောပြတာပါ။ ဒီရေက တစ်ရက်ကို နှစ်ကြိမ်တက်ပြီး နှစ်ကြိမ်ကျပါတယ်။ ဒီရေတက်တာ လဆန်းဖြစ်ဖြစ်၊ လဆုတ်ဖြစ်ဖြစ် (၅)ရက်၊ (၆)ရက်၊ (၇)ရက်၊ (၈)ရက်၊ (၉)ရက်၊ (၁ဝ)ရက်တွေမှာ နည်းနည်းသာတက်ပြီး၊ လဆန်း လဆုတ်(၁၁)ရက်၊ (၁၂)ရက်၊ (၁၃)ရက်၊ (၁၄) ရက်၊ (၁၅) ရက်တွေမှာ အများဆုံးတက်ပါတယ်။ လွယ်လွယ်ပြောရရင် လပြည့်နေ့နဲ့ လကွယ်နေ့မှာ ဒီရေအတက်ဆုံးပါ။”

“သမားရိုးကျပုစွန်မွေးမြူနည်းစနစ်မှာ ရေသွင်း ရေထုတ်ကို လဆန်း၊ လဆုတ် (၁၁) ရက်ကနေ (၁၅) ရက်အတွင်း ပြုလုပ်ကြပါတယ်။ ဒီရေက တစ်ရက်ကို နှစ်ကြိမ်တက်၊ နှစ်ကြိမ်ကျတာကြောင့် မနက် ၆ နာရီ ဒီရေတက်ပြီဆိုရင် ရေကို သမားရိုးကျ တာပေါင်ခတ်ထားတဲ့ ပုစွန်ကန်ထဲကို သွင်းထား ပြီး မွန်းတည့် ၁၂ နာရီ ဒီရေကျချိန်မှာ ရေတံခါးကို ပိတ်ပြီး ရေလှောင်ထားလိုက်ပါတယ်။ ညနေ ၆ နာရီ ဒီရေတက်လာချိန်မှာ ပုစွန်ဖမ်းဖို့ ပိုက်တွေ အဆင့်ဆင့်လုပ်ထားပါတယ်။ ညနေ ၆ နာရီ ဒီရေ တက်လာချိန်မှာ ပုစွန်ဖမ်းဖို့ ပိုက်တွေ အဆင့်ဆင့် လုပ်ထားပါတယ်။ ညနေ ၆ နာရီတက်တဲ့ ဒီရေဟာ ည ၁၂ နာရီမှာ ပြန်ပြီးကျပါတယ်။ အဲဒီရေကျချိန်မှာ ပုစွန်ဖမ်းပါတယ်။”

“မင်းတို့ အဲဒီလိုဖမ်းတော့ ဒီရေထဲမှာ ငါးတို့၊ ကဏန်းတို့ရော မပါဖူးလား။”

“များသောအားဖြင့်တော့ ပုစွန်ကို ညဘက် ဖမ်းပြီး ငါးနဲ့ ကဏန်းကိုတော့ နေ့ဘက် မွန်းတည့် ၁၂ နာရီမှာ ဖမ်းလေ့ရှိပါတယ်။ ဒီရေတက်ချိန်ကလည်း တစ်ရက်မှာ တစ်နာရီ ဆုတ်သွားပါတယ်။”

“အေး ထားပါတော့။ မင်းတို့ လှောင်ဖမ်းထားတဲ့ ပုစွန်တွေ၊ ငါးတွေကို အစာရော ကျွေးသလား။ နောက်ပြီး တစ်ရက်တစ်ခါ ဖမ်းသလား။ ဘယ်နှရက် တစ်ခါဖမ်းသလဲ။ တစ်ဧကကန် ဘယ်လောက်ဆိုရင် ပုစွန်ဘယ်လောက်ရသလဲ။”

အစ်ကိုကြီးက သမားရိုးကျစနစ်ကို စိတ်ဝင်စား သွားပုံရသည်။ သူသိချင်သည်များကို အသေးစိတ် မေးလာသည်။

ပုစွန်ရှားလာပြီး အထိအမိနည်းလာ

“သမားရိုးကျစနစ်ဆိုတော့ ဘယ်မှာအစာကျွေး ပါ့မလဲ အစ်ကိုကြီးရာ။ ပြီးတော့ နေ့တိုင်းလည်း မဖမ်းပါဘူး။ တစ်လနှစ်ခါ လပြည့်နဲ့ လကွယ်ရက် တွေမှာပဲ ဖမ်းတာ။ သမားရိုးကျစနစ်ဆိုတော့ ဧက ကွက်တွေ ဘာတွေလည်း ဖော်မထားပါဘူး။ အကြမ်းဖျင်း ဧက ၂ဝ လောက်ကနေ ဧက ၂ဝဝ လောက်အထိ သမားရိုးကျတာ ပေါင်ပတ်ထားတာ။ ဧက၂ဝ ကန်က ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တုန်းက ပိဿာ ၅ဝ လောက်ရတတ်ပြီး ဧက ၂ဝဝ ကန်က ပိဿာ ၁ဝဝဝ လောက်အထိ ရတတ်တယ်။ အခု အချိန်မှာတော့ ပုစွန်ရှားလာပြီး အထိအမိနည်းလာ တယ်။ ဧက ၂ဝ ကန်က ငါးပိဿာ၊ ၁ဝ ပိဿာလောက် ပဲရပြီး ဧက ၂ဝဝ ကန်က ပိဿာ ၁ဝဝ ရအောင်ကို မနည်းလုပ်နေရတယ်။”

“မင်းပုစွန်က ကြီးရော ကြီးရဲ့လား။ ဘယ်အရွယ် လောက်ရှိလဲ။”

“ဘာအစာမှမကျွေးဘဲ ဒီအတိုင်းမွေးတာဆို တော့ အကြီးဆုံးမှ လက်မ၊ လက်ညှိုး သာသာပေါ့ အစ်ကိုကြီးရယ်။ ကျွန်တော်လည်း ဒီလိုသမားရိုးကျ မွေးတာ အရင်တုန်းက မသိဘူး။ သဘောမပေါက် ဘူး။ မိုခါမုန်တိုင်းကျေးဇူးကြောင့် စစ်တွေရောက် တော့မှ၊ ပုစွန်ကန်တွေ လိုက်ကြည့်တော့မှ ဒီကိစ္စ ကို သိခဲ့ရတာ။”

“အောင်မယ် မင်းက မိုခါမုန်တိုင်းကျေးဇူးကြောင့် လို့ ဘာလို့ပြောရတာလဲ။ မိုခါက တို့ပြည်သူတွေ ဒုက္ခ ရောက်အောင်လုပ်တာပဲကို။ မိုခါက မင်းယောက္ခမမို့ မင်းက ကျေးဇူးတင်ရတာလား။”

အစ်ကိုကြီးက ကျွန်တော့်စကား တစ်ချက်အမှား မခံ။ သူမှားသည်ထင်လျှင် ချက်ချင်းပြန်တွယ်တတ်သည်။ သည်လို မဟုတ်မခံစိတ်ဓာတ်ကို ကျွန်တော် ကြိုက်ပါသည်။

“အစ်ကိုကြီးရယ် ဒေါကန်တာမစောပါနဲ့။ ကျွန်တော် ရှင်းပြပါ့မယ်။ အစ်ကိုကြီး စဉ်းစားကြည့် လေ။ မိုခါမုန်တိုင်းမတိုက်ခင်၊ တစ်ပတ် ဆယ်ရက် လောက်ကတည်းက ကျွန်တော်တို့ ကြိုပြီးသိကြ တယ်။ နိုင်ငံတော်ကလည်း အသိပေးတယ်။ မိုးလေဝသကလည်း ကြေညာတယ်။ ပစ္စည်း၊ ပစ္စယ တွေ သိမ်းဆည်းကြဖို့။ ပင်လယ်ကမ်းစပ်တွေက ရွှေ့ပြောင်းကြဖို့။ ဒေသအာဏာပိုင်တွေကလည်း နားခိုဖို့ရာ နေရာတွေကို မိသားစုတွေ၊ သက်ကြီး ရွယ်အိုတွေကို ရွှေ့ပြောင်းပေးတယ်။ ကယ်ဆယ်ရေး စခန်းတွေဖွင့်ပေးတယ်။ ဆေးဝါးနဲ့ စားသောက်ဖွယ် ရာတွေ စုထားပေးတယ်။ အစ်ကိုကြီးလည်း သိတယ် မဟုတ်လား။”

“သိတယ်လေ။ တချို့လူတွေကတောင် အကြောက်ကြီးလှချည်းလားလို့ ပြောနေကြ သေးတယ်။ 

မိုခါကို ကျေးဇူးတင်တယ်

“အဲဒါကိုပြောတာပေါ့ အစ်ကိုကြီးရ။ တာဝန်ရှိသူ တွေက ဒီလောက်ကြိုတင်ပြင်ဆင်၊ ကြိုတင်ပြောနေ ပါလျက်နဲ့ လိုက်နာတဲ့လူတွေက လိုက်နာတယ်။ တချို့ကလည်း ကြိုတင်သတိပေးတဲ့သူတွေကို အကြောက်ကြီးလှပါလား ပြောပြီး မလိုက်နာဘူး။ အခုမိုခါမုန်တိုင်းကြောင့် လူအသေအပျောက် အဆုံး အရှုံးဖြစ်ရတာက စောစောကပြောခဲ့သလို သတိပေး ချက်ကို မလိုက်နာတဲ့သူတွေပဲ။ အဲဒါကြောင့် ကျွန်တော်က တာဝန်သိသူ လူကြီးမိဘတွေက ဆိုဆုံးမရင် မလိုက်နာတဲ့သူတွေကို မိုခါကလက်တွေ့ အပြစ်ပေးတာကြောင့် မိုခါကို ကျေးဇူးတင်တယ်လို့ ပြောတာပေါ့။

“ထားပါတော့ကွာ မင်းက စကားတတ်တိုင်း လှည့်ပတ်ပြောတော့ လက်ခံရမှာပေါ့။ အဲဒီတစ်ချက် တည်းနဲ့တော့ မရဘူး။ ပြီးတော့ ဘာရှိသေးလဲ။”

ကျွန်တော့် အစ်ကိုကြီးက သူ့ဉာဉ်အတိုင်း တော်ရုံကိစ္စလက်ခံတတ်သူ မဟုတ်။
“ပြီးတော့ နိုင်ငံတော်အစိုးရရဲ့ ရခိုင်ပြည်သူတွေ အပေါ်ထားတဲ့ စေတနာ။”

“အစ်ကိုကြီး စဉ်းစားကြည့်လေ၊ အစိုးရဆိုတာ တိုင်းပြည်ရဲ့မိဘ၊ ပြည်သူဆိုတာက သားသမီးပဲလေ။ မိဘဆိုတာ ဘယ်မိဘမဆို ကိုယ့်သားသမီးတွေကို ချစ်တာပဲ။ ပေးစရာ၊ ကျွေးစရာရှိရင် အတူတူပေး ကျွေးတာပဲ။ ဒါပေမယ့် မိဘရဲ့စေတနာကို တချို့ သားသမီးတွေက နားလည်တယ်။ သဘောပေါက် တယ် လက်ခံတယ်။ တချို့က နားမလည်ဘူး၊ သဘောမပေါက်ဘူး။”

“အစ်ကိုကြီး တွက်ကြည့်လေ။ မိုခါက စစ်တွေ ကို မေလ ၁၄ ရက်နေ့မှာ ဝင်ခဲ့တယ်။ မိုခါအရှေ့ဘက် ကိုဆက်ဝင်သွားပြီး မြန်မာပြည်ထဲက မထွက်သေး တဲ့အချိန်။ မေလ ၁၅ ရက်မှာပဲ နိုင်ငံတော်အကြီးအကဲ ဦးစီးပြီး အစိုးရအဖွဲ့တွေ စစ်တွေကို သွားခဲ့ကြတယ်။ မုန်တိုင်းဒဏ်ခံပြည်သူတွေကို အားပေးဖို့၊ အပျက်အစီးတွေကို ရှင်းလင်းဖို့၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်လုပ်ပေးဖို့။”

“မုန်တိုင်းဆိုတာ သဘာဝဘေးဒဏ်ပဲ။ တားဆီး လို့ မရသလို၊ ရှောင်လွှဲလို့လည်း မရဘူး။ အဲဒီတော့ ၁၄ ရက်နေ့မှာ တိုက်သွားတဲ့ မိုခါ၊ ၁၅ ရက်နေ့မှာ ထပ်ပြန်မလာဘူးလို့ ဘယ်သူပြောနိုင်သလဲ။ ပြန်လှည့်မလာဘူးလို့လည်း ဘယ်သူပြောနိုင်သလဲ။”

“ပြည်သူ့အတွက်” ဆိုတဲ့ စိတ်ဓာတ်

“အဲဒီ ခန့်မှန်းမရတဲ့ သဘာဝမုန်တိုင်းကို မစိုးရိမ်မကြောက်မလန့်တဲ့ “ပြည်သူ့အတွက်” ဆိုတဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့ ၁၅ ရက်နေ့မှာ စစ်တွေကိုသွားပြီး ပြည်သူကို အားပေးနှစ်သိမ့်ခဲ့တဲ့၊ အပျက်အစီးတွေကို ရှင်းလင်းပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေလုပ်ဖို့ စီမံဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲနဲ့ အစိုးရအဖွဲ့ရဲ့ စိတ်ဓာတ်နဲ့ စွန့်လွှတ်စွန့်စားမှုကို ကျွန်တော်လေးစားတာ၊ မြတ်နိုးတာ။”

“အစတုန်းကတော့ ကျွန်တော်လည်း ဒီလောက် ခံစားမိမှာ မဟုတ်ပေမယ့်၊ အဲဒီ စစ်တွေမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ ဇွန်လ ၂ဝ ရက်နေ့ မှာ ကျွန်တော် ရောက်သွားတော့မှ စစ်တွေမြို့ကြီးရဲ့ ပျက်စီးနေမှု၊ မုန်တိုင်းဒဏ်ခံရနေမှုနဲ့ နိုင်ငံတော် အကြီးအကဲရဲ့ စိတ်ဓာတ်နဲ့ စေတနာ။ အဲဒီမှာ အကြီးအကျယ်ခံစားမိတယ်။ လေးစားမိတယ်။”

“အဲဒါ ဘာကိုပြောသလဲဆိုတော့ “အရေးကြီးရင် သွေးစည်းတယ်။” အစိုးရဆိုတာ ပြည်သူတွေ အားလုံးအပေါ်မှာ စိတ်ရင်းစေတနာရှိတယ်။ နိုင်ငံတော်အစိုးရရဲ့ စေတနာကို ရခိုင်ပြည်သူတွေ မျက်ဝါးထင်ထင် သဘောပေါက်စေနိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒါကြောင့် အဆိုးထဲက အကောင်း ပြန်ပြီးတွက်ရင် မိုခါကျေးဇူးကြောင့်၊ နိုင်ငံတော်အစိုးရရဲ့ စေတနာကို ရခိုင်ပြည်သူတွေ သဘောပေါက်နားလည်စေတဲ့ အကျိုးကျေးဇူးရစေ တယ်လို့ ကျွန်တော်မြင်တယ်။”

“အေး အေး ထားပါတော့ကွာ။ မိုခါကျေးဇူးကို ငါလည်း သဘောပေါက်ပါပြီ။ စောစောကပြောတဲ့ ပုစွန်မွေးမြူရေးကို မင်းတို့က ခေတ်မီနည်းနဲ့ဘယ်လို မွေးရတယ်ဆိုတာလဲ ပြောစမ်းပါဦး။ နောက်ပြီး ပုစွန် မှာ အမျိုးဘယ်နှမျိုးရှိသလဲ။ ဘယ်လိုမွေးကြသလဲ ဆိုတာလေး ပြောစမ်းပါဦး။ နောက်ပြီးတော့ ရခိုင် ပြည်နယ်မှာ ဘယ်လိုပုစွန်မျိုးတွေ အမွေးများသလဲ။”

အခုမှ ကျွန်တော်နှင့် အစ်ကိုကြီး စကားဝိုင်းက ပုစွန်ဘက်သို့ ပြန်ရောက်သည်။
“ရခိုင်ပြည်နယ်မှာ သမားရိုးကျ မွေးမြူနည်း စနစ်နဲ့ ရေငန်ကျားပုစွန်လို့ခေါ်တဲ့ (Black Tiger Shrimp)ကို အများဆုံးမွေးမြူကြတယ်။ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ တော့ ခေတ်မီရေငန်ပုစွန်မွေးမြူနည်းစနစ်နဲ့ ရေငန် ပုစွန်ဖြူလို့ ခေါ်တဲ့ ဗနားမီး (Vannamei) မွေးမြူကြတယ်။ ရေချိုပုစွန်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ မွေးမြူကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ပုစွန်သီးသန့်မွေးမြူခြင်းစနစ် (Mono Culture)နဲ့ မွေးမြူကြသလို ငါးနဲ့ ပုစွန်ရောပြီး မွေးမြူတဲ့စနစ် (Poly Culture)နဲ့ မွေးမြူကြတာလည်း ရှိပါတယ်။ ပုစွန်မွေးမြူမှုမှာလည်း ကျန်တဲ့တိရစ္ဆာန်မွေးမြူ နည်းစနစ်တွေမှာလို၊ သားဖောက်ခြင်းအပိုင်းနဲ့ အသားတိုးမွေးမြူခြင်း အပိုင်းဆိုပြီး အပိုင်း(၂)ပိုင်း ရှိပါတယ်။ ဒီထုတ်လုပ်မှု အပိုင်းနှစ်ပိုင်းစလုံးမှာ အရေးအကြီးဆုံးကတော့ ဇီဝလုံခြုံမှုပဲ။ ဇီဝလုံခြုံမှု မကောင်းရင် ပုစွန်မွေးမြူရေးက ဆုံးရှုံးမှုကြီးစေပါတယ်။

ဘာအရေးအကြီးဆုံးလဲ

ငါကြားဖြတ်ပြီး မေးပါရစေ။ ပုစွန်မွေးမြူရေးမှာ ဘာအရေးကြီးဆုံးလဲ။
ကျွန်တော်စကားရှည်နေ၍ အစ်ကိုကြီးက ကြားဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။

“အဲဒါကတော့ အစ်ကိုကြီးလည်း သိပြီးသား ပဲလေ။ စိုက်ပျိုးရေးမှာ မျိုး၊ မြေ၊ ရေ၊ နည်းပညာနဲ့ သွင်းအားစုအရေးကြီးသလို၊ မွေးမြူရေးမှာလည်း ဒီအဓိကအချက် (၅) ချက်ပဲ အရေးကြီးတာပဲလေ။ စိုက်ပျိုးရေးမှာ မြေကောင်းဖို့လိုတယ်။ မြေဩဇာ ကြွယ်ဝဖို့လိုသလို၊ ချဉ်လွန်းတာ၊ ငန်လွန်းတာ မဖြစ်သင့်ဘူး။ ဒါ့အပြင် မြေလုပ်ပိုင်ခွင့် ရဖို့လိုတယ်။ အဲဒါမှ ငါးမွေးမွေး၊ ပုစွန်မွေးမွေး၊ နွားမွေးမွေး အတည်တကျလုပ်ကိုင်ရမှာ။ ပြီးတော့ စိုက်ပျိုးရေး မှာ သီးနှံအထွက်နှုန်းကောင်းဖို့ လိုသလို၊ တိရစ္ဆာန် မွေးမြူရေး၊ ငါး၊ ပုစွန်မွေးမြူရေးမှာလည်း အသား တိုးနှုန်း ကောင်းဖို့လိုတယ်။ 

အသားတိုးနှုန်းကောင်းမှ ပုစွန်မွေးမြူရေးမှာ အကျိုးအမြတ်ရမှာ။ ပြီးတော့ ပုစွန်မျိုးစိတ်နဲ့ ရေရဲ့ အငန်နှုန်းဆက်စပ်နေတယ်။ ဒေသမျိုးစိတ်ဖြစ်တဲ့ ပုစွန်ကျားမျိုးစိတ် (Penaeus Monodon) ဟာ ရေအငန်နှုန်း (၅-၆)ပီပီတီကနေ (၃ဝ)ပီပီတီကြားမှာ ခံနိုင်ရည်ရှိတယ်၊ မွေးလို့ရတယ်။ ရောင်းတမ်းဝင်တဲ့ အထိ လေးလ ရက် ၁၂ဝ ကြာ မွေးမြူရပါတယ်။ နိုင်ငံခြားမျိုးစိတ် ပုစွန်ဖြူ (Penaeus Vannamei) ကတော့ အငန်နှုန်း(ဝ) ပီပီတီကနေ (၃၅) ပီပီတီကြား မှာ ခံနိုင်ရည်ရှိပြီး ဈေးကွက်ဝင်ဖို့ သုံးလ ရက် ၉ဝ ပဲ မွေးရပါတယ်။ အဲဒါကြောင့် စနစ်တကျမွေးမြူသူတွေ က ပုစွန်ဖြူကို မွေးမြူကြပြီး သမားရိုးကျမွေးမြူသူ တွေကတော့ ပုစွန်ကျားကို မွေးမြူကြပါတယ်။ အရေးကြီးတာကတော့ မိမိဒေသနဲ့ လိုက်လျောညီထွေဖြစ်ဖို့လိုအပ်သလို ဈေးကွက်နဲ့ ကုန်ကျစရိတ် တွက်ခြေကိုက်ဖို့ လိုအပ်ပါတယ်။

“ဒါ့အပြင် သွင်းအားစုနဲ့ နည်းပညာလိုအပ်ချက် တွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ သွင်းအားစုဆိုတာကတော့ စောစောက ကျွန်တော် ပြောခဲ့တဲ့ ပုစွန်မျိုး၊ ပုစွန်သားပေါက် ဒါလည်းရဖို့ လိုတယ်။ ပုစွန်မွေးကန်တစ်ဧကမှာ ပုစွန်သားပေါက် ၁ဝဝဝဝ ထည့်ပြီး မွေးရပါတယ်။ လက်ရှိ ပုစွန်ကန် တွေ အနေအထားအရ သမားရိုးကျမွေးနေတဲ့ ကန်တွေကိုပါ ပုစွန်သားပေါက်ထည့်ပြီး မွေးမယ် ဆိုရင် မွေးဧကတစ်သိန်းအတွက် ပုစွန်သားပေါက် အနည်းဆုံး သန်း ၁ဝဝဝ လိုပါမယ်။ ပထမအဆင့် အနေနဲ့ သမားရိုးကျမွေးနေတဲ့ ပုစွန်ကန် ဧက ၅ဝဝဝဝ ကိုပဲ စနစ်တကျ သေချာမွေးမယ်ဆိုရင် ပုစွန်သားပေါက် သန်း ၅ဝဝ လိုပါမယ်။”

“မင်းဟာက များလှချည်လား။ လက်ရှိရော မင်းတို့ပုစွန်သားပေါက် ဘယ်လောက်ဖောက်နေ သလဲ။ ဖောက်နိုင်သလဲ။”

ကျွန်တော့် အစ်ကိုကြီးက စိတ်မရှည်စွာဖြင့် မေးလာသည်။

“လက်ရှိကတော့ ပုဂ္ဂလိက ပုစွန်သားဖောက်ကန် တွေရော ကျွန်တော်တို့ ငါးလုပ်ငန်းဦးစီးဌာနကပါ၊ တစ်နှစ်ကို ပုစွန်သားပေါက် သန်း ၁ဝဝ လောက်ပဲ ဖောက်နိုင်ပါသေးတယ်။ ဒါ့ကြောင့်လည်း ပုစွန် မွေးမြူရေးတိုးတက်ချင်ရင် ဘာတွေလုပ်သင့်သလဲ ဆိုတာ ကျွန်တော်တို့ ဆွေးနွေးကြတာပါ။” 

“ကဲ- ထားပါတော့ အစာဖိုးရော ဘယ်လောက် ကုန်မှာလဲ။ ပုစွန်အစာကရော ဒို့ပြည်တွင်းမှာ ထုတ်နိုင် သလား။ အစာထုတ်နိုင်တဲ့ စက်ရုံတွေရော ရှိရဲ့လား။”

“ပြည်တွင်းမှာ ပုစွန်အစာထုတ်နိုင်တဲ့ စက်ရုံ တွေရှိပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ -၂ဝ၂၃ ခုနှစ်အတွင်း ပြည်တွင်းစက်ရုံတွေက ပုစွန်အစာ တန် ၂၈၈ဝ ခန့် ထုတ်လုပ်ခဲ့ပြီး ပြည်ပကုမ္ပဏီက တန် ၂၅ဝဝ ခန့် တင်သွင်းခဲ့ရပါတယ်။ ပုစွန်အစာက အသားဓာတ် ပါဝင်မှုမြင့်မားတာကြောင့် ဈေးကြီးပါတယ်။ ပြည်ပ ကမှာတဲ့ ပုစွန်အစာတစ်တန်ကို သိန်း ၄ဝ လောက် ပေးရပါတယ်။ တကယ်တမ်းကျတော့ မွေးမြူရေး လုပ်ငန်းတစ်ခုမှာ အစာဖိုးက မွေးမြူရေးလုပ်ငန်း ကြီး တစ်ခုလုံးရဲ့ ၇ဝ ရာခိုင်နှုန်းလောက် ကုန်ကျပါ တယ်။ ဒါ့ကြောင့် ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ဖို့ က နှေးနေရတာပါ။

“မင်းကတော့ လုပ်ပြီ။ အဲဒီလိုတော့ လျှောမချနဲ့ လေကွာ။ မင်းပုစွန်က မွေးပြီးတော့ရော ဈေးကွက်ရှိ သလား။”

အစ်ကိုကြီးက နောက်ဆုံးမေးခွန်းကို မေးလာ ခြင်းဖြစ်သည်။

“ဈေးကွက်ကတော့ အစ်ကိုကြီးရေ ပြေးတွက် စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဖောက်သည်ကြီး မြောက်ပိုင်းက စိန့်တိုင်းပြည်ကြီးရှိပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ ခုနှစ် က ငါးလုပ်ငန်းဦးစီးဌာနရဲ့ ပြည်ပ ပို့ကုန်စာရင်းများအရ တရုတ်ပြည်ကို ပုစွန် ၉ဝ၇၅ ဒသမ ၇၅၄ မက်ထရစ် တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၇ ဒသမ ဝ၇၄ သန်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ တရုတ်ပြည် အကောက်ခွန်စာရင်းကိန်းဂဏန်းများ အရ ပြည်ပနိုင်ငံများမှ ပုစွန်ဝယ်ယူမှုက ၂ဝ၂၃ ခုနှစ် မေလအထိ ၄၅၁၇၇၈ မက်ထရစ်တန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံက ပုစွန်ထုတ်လုပ်မှု ၁ဝဆ၊ အဆ ၂ဝ တိုးထုတ်ဦး၊ ဝယ်မယ့်လူက အသင့် ရှိနေပါတယ်။”

ဘာလုပ်နေသလဲ

“အေးပါ မင်းပြောတာတော့ ဈေးကွက်တော့ရှိပြီ ထား။ အဲဒီဈေးကွက်အတွက် ပုစွန်တိုးချဲ့မွေးမြူဖို့၊ ထုတ်လုပ်ဖို့ မင်းတို့ ဝန်ကြီးဌာနက ဘာလုပ်နေသလဲ၊ ဘယ်လိုလုပ်ကြမှာလဲ။”

“အစ်ကိုကြီးမေးခွန်းက ဖြေရမှာအရှည်ကြီး ရယ်။ လောလောဆယ်တော့ ပြီးခဲ့တဲ့ နှစ်ပတ် လောက်က တနင်္သာရီတိုင်းဒေသကြီးကို ကျွန်တော် သွားပြီး ပုစွန်မွေးမြူရေးသမားတွေနဲ့ တွေ့ဆုံတယ်။ အခက်အခဲတွေမေးတယ်။ သူတို့မွေးချင်တဲ့မြေနေရာ တွေ လိုက်ကြည့်ပြီး လယ်ယာမြေ မဟုတ်တဲ့မြေတွေ၊ မြေလွတ်မြေရိုင်းတွေကို တိုးချဲ့မွေးမြူနိုင်ဖို့ ညှိပေး ခဲ့တယ်။ မြေစာရင်းအဖွဲ့တွေနဲ့ အမြန်အကောင် အထည်ဖော်နိုင်အောင် ဆင်းပြီးလုပ်ခိုင်းထား တယ်။

“ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ အစ်ကိုကြီး ရုပ်မြင် သံကြားသတင်းမှာမြင်တဲ့အတိုင်း ဝန်ကြီးဌာနမှာ “ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” စကားဝိုင်းလုပ်ဖြစ်တယ်။ လက်တွေ့သွားပြီး ကြည့်တာ။ ပုစွန်မွေးတဲ့တောင်သူတွေနဲ့ ဆွေးနွေးခဲ့ တာနဲ့ အခုစကားဝိုင်းက အချက်အလက်တွေပေါင်းဆုံ မိတော့ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်တွေ အများကြီးပေါ်လာတယ်။ အထူးသဖြင့် ပုစွန် မွေးသမားတွေက နိုင်ငံတော်က စပါးစိုက်ပျိုးတဲ့ တောင်သူတွေကို နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးစီမံကိန်းကနေ တစ်ဧကနှစ်သိန်း ထောက်ပံ့ပေးတယ်။ စပါးစိုက်ရင် စက်ဖိုး၊ မျိုးဖိုး၊ မြေဩဇာဖိုး၊ စိုက်ခ၊ ရိတ်ခ၊ ပေါင်းလိုက်ခ အပါအဝင် တစ်ဧကမှ စိုက် စရိတ် ခြောက်သိန်း၊ ခုနစ်သိန်းပဲ ကုန်တာ။ သူတို့ ပုစွန်မွေးရင် ကန်ဖော်စရိတ်မပါဘဲတောင်၊ ပုစွန်မျိုး ဖိုး၊ အစာဖိုး တစ်ဧက သိန်း(၇ဝ-၈ဝ)ကုန်တာ။ သူတို့ လည်း နိုင်ငံတော်က ထောက်ပံ့ကြေးရချင်တယ်။ ကဲ - အစ်ကိုကြီးရေ အဲဒီကိစ္စတွေ ဆက်ပြီးလုပ်ဖို့ အခုလောလောဆယ်တော့ ဖုန်းချလိုက်တော့မယ်။”

ကျွန်တော်က စကားဆက်ဖြတ်၍ ဖုန်းချဖို့ ကြိုးစားလိုက်သည်။

“ကိုအောင်ရေ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက် ဖို့ကို ငါသိချင်တာတွေ အများကြီး ကျန်သေးတယ်။ အထူးသဖြင့် ဇီဝလုံခြုံမှုကိစ္စရပ်တွေနဲ့ ပုစွန်မှာ ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်း။ နောက်နှစ်ရက်နေရင် ငါပြန်ပြီးဆက်ပါ့မယ်။ ငါ့ညီ အဲဒီကျလည်း စိတ်ရှည်ရှည်နဲ့ ဖြေပေးဦး။” 

ပြောပြောဆိုဆိုဖြင့် အစ်ကိုကြီးဖုန်းချသွားသည်။

ပုစွန်မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် အစ်ကိုကြီးစိတ်ဝင်စားကြောင်းသိရ၍ ကျွန်တော် ကြည်နူးဝမ်းသာမိပါသည်။    ။