တိုင်းပဲခူး၏ MSME လုပ်ငန်းများမှသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုဆီ

 

မြတ်သူ

 

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရာခိုင်နှုန်း ၉၀ ကျော်သည် လုပ်ငန်းငယ်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းပေါင်း လေးသောင်းကျော်ရှိနေသည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်အတွက်လည်း ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

 

ထို့ကြောင့် MSME   လုပ်ငန်းများမှတစ်ဆင့် နိုင်ငံ့စီးပွားရေး ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးနှင့်    ပြည်နယ်အလိုက် အကောင်အထည်ဖော်လျက်ရှိသည်။ ထိုသို့တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်   ဖော်ဆောင် ကြိုးပမ်းရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သည်လည်း တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရေးနှင့် ဈေးကွက်ခိုင်မာရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များ အရောင်းစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။

 

ဈေးကွက်အခွင့်အလမ်းရရှိနိုင်

 

“MSME လုပ်ငန်းတွေ ဖွံ့ဖြိုးစေဖို့ အကောင်အထည် ဖော်ဆောင်ရွက်ကြတဲ့အခါ ငွေကြေးအရင်း အနှီး၊ နည်းပညာ၊ ဈေးကွက် ဒါတွေက အဓိကလိုအပ်ချက်အဖြစ် တွေ့ရတယ်။ အခု ဒီစင်တာကတော့ ဈေးကွက်အခွင့်အလမ်းကို MSME လုပ်ငန်းတွေ တစုတစည်းတည်း၊ တစ်နေရာတည်းကနေ ရရှိနိုင်ဖို့အတွက်ပါ။ အရင်းအနှီးအတွက် နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကတစ်ဆင့် ဆောင်ရွက်ပေးတာရှိတယ်။ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကူညီဆောင်ရွက်ပေးတာရှိတယ်။ နည်းပညာအတွက်လည်း ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆောင်ရွက်ပေးနေတာ ရှိတယ်။ ဒါက နိုင်ငံတော်ကဖော်ဆောင်နေတဲ့ ပို့ကုန်တိုးမြှင့်ရေး ရည်ရွယ်ချက်ကို နည်းလမ်းတစ်ခုနဲ့ အကောင်အထည်ဖော် ကြိုးစားခြင်းလည်း ဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြောကြားသည်။

 

တိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးမှုရရှိနိုင်ရန် ရည်ရွယ်သည့် ပဲခူးတိုင်း ဒေသကြီးထုတ်ကုန်များ အရောင်းစင်တာကို ပဲခူးမြို့ သီရိဥဿာဈေးတွင် ဖွင့်လှစ်ထားရှိပြီဖြစ်သည်။

 

“ကျွန်မလို အသေးစား၊ အငယ်စား လုပ်ငန်းရှင်တွေအတွက် အလွန်ကောင်းမွန်တဲ့အစီအစဉ် ဖြစ်ပါ တယ်။ အရင်ကဆိုရင် ကျွန်မတို့ရဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်တင်ရောင်းဖို့အတွက် အရောင်းဆိုင်တွေကိုသွားပြီး တင်ရောင်းပေးဖို့ မေတ္တာရပ်ခံခဲ့ရတယ်။ အဆင်ပြေတာတွေရှိသလို အဆင်မပြေခဲ့တာတွေလည်း ရှိခဲ့တယ်။ အခုတော့ ပဲခူးအရောင်းစင်တာမှာ ကျွန်မတို့ ရောင်းနေတဲ့ဈေးအတိုင်း တင်ရောင်းပေး တဲ့အတွက် ရောင်းအားပိုကောင်းလာလို့ ထုတ်လုပ် မှုလည်း တိုးတက်လာခဲ့ပါတယ်”ဟု စင်တာတွင် ပါဝင်ရောင်းချသည့် အသင့်စား ရွှေတောင်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲနှင့် ထမင်းသုပ် လုပ်ငန်းရှင် ဒေါ်ဥမ္မာကျော်က ပြောသည်။

 

mdn

 

ခရိုင်ခြောက်ခရိုင်မှ စိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ပစ္စည်းများ ရရှိနိုင်

 

အဆိုပါစင်တာတွင် တိုင်းဒေသကြီးအတွင်းရှိ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပြည် ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင် စသည့် ခရိုင်ခြောက်ခရိုင်မှ စိုက်ပျိုးရေးကို အခြေခံသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် စိုက်ပျိုး ရေး လုပ်ငန်းသုံးကုန်ပစ္စည်းများကို ရရှိနိုင်ပြီ ဖြစ်သည်။

 

“ဒီစင်တာမှာက ပဲခူးဒေသထွက်ကုန်တွေ တော်တော်များများတွေ့ရတယ်။ ထုတ်ကုန်အလိုက် တိုက်ရိုက်ရောင်းချတာ ဖြစ်တဲ့အတွက် ဈေးမကြီးဘူး။ ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေ စေတဲ့နေရာလေးတစ်ခုပါ။ ဥပမာဆိုရင် ကျွန်မ တို့လို ခရီးသွားပြည်သူတွေအတွက် ပြည်က ထမင်း သုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ တောင်ငူက ကော်ဖီ၊ မုန့်ဖတ်ခြောက်၊ ပဲခူးက ငါးချဉ်၊ ငါးပိငါးခြောက် စတဲ့ တိုင်းဒေသကြီးထဲက ဒေသထွက်တွေကို အပြန်လက်ဆောင်အတွက် ဈေးနှုန်းသက်သက်သာသာနဲ့ တစ်နေရာတည်းမှာ ဝယ်လို့ရတာပေါ့” ဟု ပဲခူးမြို့သို့ ဘုရားဖူးလာရောက်သည့် မကွေးမြို့ မှ ဒေါ်မြိုင်က ပြောသည်။

 

လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား ကုန်ထုတ် လုပ်ရေးလုပ်ငန်း ၁၀၂၈ ခု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်း ၃၀၃၂ ခု စုစုပေါင်း လုပ်ငန်းပေါင်း ၄၀၆၀ ရှိပြီး တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းတူအစုအဖွဲ့အလိုက်၊ စက်မှု လုပ်ငန်းများအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းစီမံချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီကို ဦးစွာဖွဲ့စည်းထားရှိပြီးဖြစ်သည်။

 

ယင်းအေဂျင်စီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အတွင်းရှိ ထုတ်ကုန်များ အားပေးမြှင့်တင်ရန် အတွက် ဒေသအတွင်း MSME ဈေးရောင်းပွဲတော် များကို ကျင်းပလျက်ရှိသည်။ ထို့ပြင် MSME လုပ်ငန်းများနှင့်ပတ်သက်သည့် သတင်းအချက် အလက်များ ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့်ပျံ့နှံ့စေရန် ရည်ရွယ်သည့် MSME Talk Show များကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

“တိုင်းဒေသကြီးအတွင်းမှာ ပြည်ပကတင်သွင်းနေရတဲ့ ကုန်ပစ္စည်းတွေနေရာမှာ ဒေသထွက် ပစ္စည်းတွေနဲ့ အစားထိုး သုံးစွဲနိုင်ဖို့အတွက် အစီအစဉ်တွေ စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော်နေတာလည်းရှိပါတယ်။ ဥပမာ စိုက်ပျိုးရေး အတွက် ပြည်ပက ဓာတ်မြေဩဇာတွေနေရာမှာဒေသရဲ့ သဘာဝမြေဩဇာ ထုတ်လုပ်မှု တိုးတက်အောင် အစားထိုးနိုင်အောင် ကြိုးပမ်းနေပါတယ်။ မွေးမြူရေးလုပ်ငန်းအတွက် ဒေသကလုပ်ငန်းတွေကို နည်းပညာ၊ အရင်းအနှီးရရှိရေးကို သက်ဆိုင်ရာ ဌာနတွေက ဆောင်ရွက်ပေးနေတာလည်း ရှိပါ တယ်။ ဒေသတွင်းမှာ မွေးမြူရေးလုပ်ငန်းတွေ အားပေးဖို့ မွေးမြူရေးလုပ်ကိုင်သူတွေအတွက် မွေးမြူရေးဇုန် ဖော်ထုတ်နေတာလည်း ရှိပါတယ်။ ပြီးတော့ ဒေသ MSME လုပ်ငန်းထဲမှာ ပါဝင်တဲ့ သစ်အခြေခံ မြန်မာ့လက်မှုလုပ်ငန်းတွေ အဆင်ပြေ စေဖို့ ကုန်ကြမ်းရရှိအောင် ရောင်းချပေးတာလည်း ရှိပါတယ် ” ဟု စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ပြောသည်။

 

MSME လုပ်ငန်းရှင် ၅၆၅ ဦးအား ချေးငွေထုတ်ချေး

 

တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု အဆင်ပြေ လွယ်ကူစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှတစ်ဆင့် ချေးငွေပေးအပ်လျက်ရှိသည့် အပြင် ပုဂ္ဂလိကဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ် နှင့် သမဝါယမချေးငွေရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ MSME လုပ်ငန်းရှင် ၅၆၅ ဦးအား ချေးငွေကျပ် ၁၀၄၉၁ ဒသမ ၂၈၄ သန်း ထုတ်ချေးထားကြောင်း သိရသည်။

 

“အရင်က လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ချင်ခဲ့တာ ငွေကြေးမလုံလောက်လို့ မလုပ်နိုင်ခဲ့ဘူး။ အခုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေက ထုတ်ချေးပေးတဲ့ ချေးငွေရရှိခဲ့လို့ စက်ယူနစ်အသစ်တွေ ဝယ်ယူ တပ်ဆင်နိုင်ခဲ့ပြီး ပြည်ပဈေးကွက်ရရှိဖို့ ကြိုးစားဆောင်ရွက်နေပါပြီ” ဟု Light House အမှတ်တံဆိပ် ကော်ဖီလုပ်ငန်းရှင် ဦးဇေယျာမင်းက ပြောသည်။

 

သို့ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများမှ ပြည်တွင်း/ ပြည်ပ အသုံးချနိုင်သည့် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ကာ ဒေသစီးပွား၊ နိုင်ငံ့စီးပွားတိုးတက်အောင် ကြိုးပမ်းလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။