တိုင်းဒေသကြီး/ပြည်နယ် အချို့တို့တွင် လေပြင်းများတိုက်ခတ်၍ နေအိမ်များပျက်စီး၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၂၈ ဧပြီ

 

 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ ဧပြီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး၊ အုတ်ဖို၊ ပဲခူး၊ မိုးညို၊ အုတ်တွင်း၊ ထန်းတပင်၊ ဒိုက်ဦး၊ ကျောက်ကြီး၊ ကဝမြို့နယ်များ၌ နေအိမ်(၁၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၄၇၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊   မကွေးတိုင်းဒေသကြီး၊ မင်းလှ၊ စလင်း၊ ပွင့်ဖြူ၊ ချောက်၊ ဆိပ်ဖြူ၊ မင်းတုန်းမြို့နယ်များ၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်နှင့် မိတ္ထီလာမြို့နယ်တို့၌ နေအိမ်(၆၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး၊ ဖျာပုံ၊ သာပေါင်း၊ ရေကြည်၊ ဟင်္သာတမြို့နယ်များ၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၃)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။

 

 

သို့ပါ၍ ဧပြီ ၉ ရက်မှ ၂၈ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၁၇၂)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၃၈၄၁)လုံးနှင့် ဘာသာရေးအဆောက်အဦ (၆၉)လုံး အမိုးအကာလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ် (၁၉၇ ဒသမ ၅)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

 

 

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများ ဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။

 

 

သတင်းစဉ်