တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ရန်ကုန် ၂၈  ဖေဖော်ဝါရီ

 

(၄၂)ကြိမ်မြောက်တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲများကို ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဗိုလ်လုပြိုင်ပွဲ၌ အမျိုးသား(၆)ပေါက်တန်းအဆင့် ဗိုလ်လုပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ရမှတ် (၁၁၉၉) မှတ် (၁၂၆၅)မှတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက အနိုင်ရဗိုလ်စွဲသွားသည်။

 

ဗိုလ်လုပွဲများအပြီးတွင် ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသမီးအသင်းလိုက် (၄)ပေါက်တန်းအဆင့်ပြိုင်ပွဲ၌ တတိယဆုရ မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ နေပြည်တော်နှင့် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ဆုများအသီးသီးချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက်(၆)ပေါက်တန်းအဆင့်ပြိုင်ပွဲ၌ တတိယဆုရ မကွေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေကျပ်(၁)သိန်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌဦးလှဌေးမှ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဒုတိယဆုရမန္တလေးဒေသကြီးအသင်းအားတစ်ဦးချင်း ဆုတံဆိပ်နှင့်ဆုငွေကျပ်(၂)သိန်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးဝင်းတင့်မှ ချီးမြှင့်ပေးအပ်၍လည်းကောင်း၊ ပထမဆုရ ရန်ကုန်တိုင်းဒေသကြီး အသင်းအား တစ်ဦးချင်းဆုနှင့် ဆုငွေကျပ်(၃)သိန်းအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးသန်းနိုင်မှလည်းကောင်း၊ (၄)ပေါက်တန်းအဆင့်အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၂)ခိုင်သဇင်ဖြိုးမှလည်းကောင်း၊ အမျိုးသား(၆)ပေါက်တန်းအဆင့် အကောင်းဆုံး အားကစားသမားဆုရရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ကျောနံပါတ်(၂)ဇင်လင်းထက် တို့မှအသီးသီး ရရှိကြပြီး  အဆိုပါဆုများကို  မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်မှ အကောင်းဆုံး ဆုများကို ချီးမြှင့်ပေးသည်။

 

ဆက်လက်ပြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ (၄၂)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအသင်းအား တံခွန်စိုက်ဒိုင်း ဆုကြီးကို ချီးမြှင့်ပေး၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ (၄၂)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဒိုင်းဆုရ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားအသင်းကို ပထမတံခွန်စိုက်ဒိုင်းဆုအား အသီးသီးချီးမြှင့်ပေးခဲ့သည်။

 

ယနေ့ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဆုပေးပွဲအပြီးတွင် ဖေဖော်ဝါရီလ (၂၉) ရက်နေ့ မှ မတ်လ(၁)ရက်နေ့များတွင် (၅၅)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် ပြိုင်ပွဲများ ဆက်လက် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

MDN