တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော် အောက်တိုဘာ ၁၆

 

တိုင်းဒေသကြီး/ ပြည်နယ် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းသော၊ စွမ်းရည်ထက်မြက်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကို အခြေခံ၍ အကောင်းဆုံးယှဉ်ပြိုင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ် (၁၉) စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ပြီး အားကစားသမားများအတွက် ထောက်ပံ့ငွေကျပ် သိန်း (၂၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်