တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ စွမ်းဆောင်ရည် မြှင့်တင်မှု အပိုင်းတွေ ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ဒီနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ စွမ်းဆောင်ရည်မြှင့်တင်မှု အပိုင်းတွေ ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ စွမ်းဆောင်ရည် မြှင့်တင်မှုအပိုင်း အကောင်အထည်ဖော်ဆောင်ရေးက အရေးကြီးပါတယ်လို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော WHO Representative to Myanmar မှ Dr. Stephan Paul Jost အား တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်ပြီး Dr. Stephan Paul Jost က “ဒီအခမ်းအနားက မြန်မာနိုင်ငံ အတွက် အလွန်ကို အရေးပါတဲ့ အခမ်းအနားလို့ ကျွန်တော် ထင်ပါတယ်။ ဖွံ့ဖြိုးရေး အကူအညီပေးရေး မူဝါဒက မတူညီတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို မိတ်ဖက်ဆောင်ရွက်ရာမှာ အရေးပါတဲ့ မူဘောင်ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်တဲ့ ဖွံ့ဖြိုးရေး စီမံချက်ကလည်း ဖွံ့ဖြိုးရေး စီမံချက်တွေ အကောင်အထည် ဖော်ဆောင်ရာမှာ အလွန်ကို အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

 

ဆက်လက်ပြီး Dr. Stephan Paul Jost က “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေသလို သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ငါးနှစ် အတွင်းမှာ လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်မှာသာမက ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးမှာ မြန်ဆန်စွာနဲ့ တိုးတက်နေပါတယ်။ နယ်ပယ် များစွာမှာ ဖြေရှင်းစရာတွေလည်း အများကြီး ရှိနေပါသေးတယ်။ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုမှာ အရေးကြီးပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရာမှာ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ လုပ်ဆောင်မှသာ အနာဂတ် မျိုးဆက်သစ်တွေက အဲဒီအကျိုးဆက်ကို ခံစားရမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်လို့ မေးမြန်းစဉ် Dr. Stephan Paul Jost က “ကမ္ဘာ့ဘဏ်ရဲ့ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ဒီနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် အကဲဖြတ်ရရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေကို ထိထိရောက်ရောက် ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက သူတို့ ဆန္ဒရှိတဲ့အတိုင်း လုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကသာ မြန်မာနိုင်ငံကို စီးပွားရေးအရ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ စွမ်းဆောင်ရည် မြှင့်တင်မှု အပိုင်းတွေ ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ စွမ်းဆောင်ရည် မြှင့်တင်မှုအပိုင်း အကောင်အထည် ဖော်ဆောင်ရေးက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအပိုင်းကို လုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိသလို ကောင်းမွန်တဲ့ စီမံချက်လည်း လိုအပ်တယ်လို့ ကျွန်တော်တို့အားလုံး သိရှိပြီးဖြစ်ပါတယ်။ စွမ်းဆောင်ရည် မြှင့်တင်မှုပိုင်း အကောင်အထည် ဖော်ဆောင်ဖို့ မူဝါဒမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

 

မြန်မာနိုင်ငံ အတွင်းက တိုင်းရင်းသား လူမျိုးစုတွေကြား လူမျိုးစု ပြဿနာတွေကို အဆုံးသတ်အောင် လုပ်ဆောင်နိုင်မှသာ စဉ်ဆက်မပြတ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အကောင်အထည် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မှု အနာဂတ် အလားအလာက အလွန်ကို ကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဖွံ့ဖြိုး တိုးတက်မှုက ၈ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ဒီလိုဖွံ့ဖြိုး တိုးတက်တာကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပါတယ်။ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ နယ်ပယ် အသီးသီးမှာ လာရောက်ရင်းနှီး မြှုပ်နှံလာဖို့ ပညာရေးကဏ္ဍက အလွန်ကို အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ငယ်ရွယ်တဲ့ လုပ်သားထု ရှိနေတဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ရာမှာ အရေးကြီးတဲ့ နိုင်ငံတစ်ဝန်း သာတူညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

 

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုရလာလေလေ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ ပိုဝင်လာလေလေပါပဲ။ မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က ဖက်ဒရယ်ပြည်ထောင်စုဖြစ်တဲ့ ဂျာမနီနိုင်ငံကဖြစ်ပြီး ကျွန်တော်တို့ နိုင်ငံမှာ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိပါတယ်။ ဂျာမနီနိုင်ငံက ပြည်နယ် ၁၆ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အဲဒီ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို သူတို့ဘာသာ ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ပိုင်ခွင့် ပိုပေးသင့်ပါတယ်။ ဒါဟာ အနာဂတ်မှာ တိုင်းပြည်အတွက် အလွန်ကို အရေးကြီးပါတယ်။

 

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေက အရေးကြီးသလဲဆိုတော့ လူမှုရေး ကဏ္ဍကို ကောင်းကောင်းမွန်မွန် ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပညာရေး ကဏ္ဍကလည်း ပြည်သူတွေကို သက်မွေးဝမ်းကျောင်း သင်တန်းတွေပေးရာမှာ အရေးကြီးပါတယ်။ မျက်မှောက်ခေတ်က မြန်ဆန်စွာနဲ့ ပြောင်းလဲနေပါတယ်။ နည်းပညာသစ်တွေကို ဒီလိုသင်တန်းတွေမှာ အသုံးချနိုင်ဖို့လည်း အရေးကြီးပါတယ်။ ကျန်းမာရေး ကဏ္ဍကလည်း အရေးကြီးပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ကောင်းမွန်စွာ ပံ့ပိုးပေးရာမှာ စွမ်းဆောင်ရည် မြှင့်တင်မှုအပိုင်းကလည်း ဆက်လက် အရေးပါနေမှာ ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

 

MDN