တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  မြိတ်မြို့နယ်အတွင်း သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

မြိတ်  ၂၀  စက်တင်ဘာ  

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့နယ်အတွင်းတွင် သြဂုတ်လ ၉ ရက်မှ(၁၄)ရက်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် (ရေမျှော/မြေပြို)မှုများကြောင့် ဘေးသင့်ခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့သည့် ထောက်ပံ့ငွေများကို စက်တင်ဘာလ(၁၉)ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

 

မြိတ်မြို့နယ်အတွင်းတွင် သဘာဝဘေးများကြောင့် နေအိမ်(၁၅)လုံးမှာ လုံးဝပျက်စီးခဲ့ရပြီး (၇)လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စုများအား ပျက်စီးမှုများအလိုက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ထောက်ပံ့ရာတွင် စုစုပေါင်း နေအိမ်(၂၂)လုံးအတွက် ထောက်ပံ့ငွေ(၄၅)သိန်း၊ မြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် (၅)သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၁၄၄)စု အတွက် (၇၂)သိန်းထောက်ပံ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်ထံမှ သိရသည်။

 

မြို့နယ်အတွင်း သဘာဝဘေးများဖြစ်ပွားခဲ့သော ကျေးရွာအချို့ရှိ ဘေးသင့်ပြည်သူများအား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မြိတ်တောင်ကျေးရွာရှိ ဘေးသင့်ပြည်သူများအား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် လည်းကောင်း၊ မြိတ်တောင်ရပ်ကွက်ရှိ ဘေးသင့်ပြည်သူများအား အောင်မြေသုခ ဘုန်း တော်ကြီးကျောင်းတွင်လည်းကောင်း သွားရောက်ပေးအပ်ခဲ့ကြသည်။

 

ထောက်ပံ့ငွေများ မပေးအပ်မီ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း က ဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က သဘာဝ ဘေးဖြစ်ပွားမှုများကြောင့် နေအိမ်များပျက်စီးခဲ့မှုများအလိုက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး အစိုးရအဖွဲ့ကိုယ်စား ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ပေးအပ် ခဲ့ကြကြောင်း သိရသည်။  

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )