တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရင်းနှီးမြှပ်နှံထားမှုနှင့်ပတ်သက်သော စာရင်းစစ် အစီရင်ခံစာအား အစိုးရအဖွဲ့အနေဖြင့် အစစ်ဆေးခံလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ဖြေကြား

ရန်ကုန် ၁၄ ဇွန်

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စာရင်းစစ်ချုပ်၏တာဝန်အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်၏ အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်း၊ ထူးခြားသောအခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်းနှင့် ၄င်းတို့၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့်တစ်ပြိုင်တည်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း အစီအစဉ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေရင်းနှီးမြှုပ်နှံထားမှုနှင့် ပတ်သက်ပြီး အစစ်ဆေးခံလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၅)ရက်မြောက်နေ့ကို ဇွန် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းကော်မတီ(ကိုယ်စား) အဖွဲ့ဝင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ကြယ်ပွင့်ပြ မေးခွန်းဖြစ်သည့် '' ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ယင်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှုအခြေအနေကို သိရှိနိုင်ရန်အတွက် ယင်းလုပ်ငန်းများနှင့် ပတ်သက်သော စာရင်းစစ်အစီရင်ခံစာကို လွှတ်တော်သို့တင်ပြရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် တင်ပြမည်၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း '' မေးမြန်းခဲ့ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

'' ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥပဒေအမှတ် ၂၃/၂၀၁၀ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅ပုဒ်မခွဲ (ခ)ကို မူလဥပဒေအတိုင်းမပြောင်းလဲဘဲ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၂ရက်၊ (၂၀၁၈ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂)တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၈) ပုဒ်မ၅ ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅တွင် ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ) တို့ကို အစားထိုးခဲ့ပါကြောင်း၊ ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများကို စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသော အခြေ အနေတွင် အခါအားလျော်စွာတင်ပြခြင်း၊ ပုဒ်မခွဲ(ဃ)အရ မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက် များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ထံသို့ အစီရင်ခံစာတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းဟုဖော်ပြထားကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)