တိုးမြင့်လာသော စိန်ခေါ်မှုများနှင့် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး ...

မျိုးငြိမ်းငယ်

နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အခုဆို နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီးတဲ့အချိန် နိုင်ငံတွေ ပျက်စီးယိုယွင်းနေကြပြီး ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကို လိုလားနေကြပါတယ်။ ဒါကြောင့် ၁၉၄၅ ဧပြီ ၂၅ ရက်မှာ ကုလသမဂ္ဂညီလာခံကို ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅၀ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂကြေညာစာတမ်း (Charter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြပါတယ်။ 

၁၉၄၅ အောက်တိုဘာ ၂၄ ရက်မှာတော့ ကုလသမဂ္ဂအမည်နဲ့ တရားဝင်ပေါ်ထွန်းလာခဲ့ပြီး ပြင်သစ်၊ တရုတ်၊ ဆိုဗီယက်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံ ငါးနိုင်ငံကတော့ ဗီတိုအာဏာပိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ လူ့သမိုင်းတစ်လျှောက် ကြုံခဲ့ရဖူးတဲ့ ကမ္ဘာစစ်တွေလို နောက်ထပ် ကမ္ဘာစစ်ကြီး ဖြစ်လာမှာကို တားဆီးနိုင်လိမ့်မယ်လို့မျှော်လင့်ပြီး နိုင်ငံတကာအဖွဲ့ အစည်းတစ်ခု တည်ထောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂတည်ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်တွေထဲမှာဆိုရင် ကုလသမဂ္ဂပဋိညာဉ်အရ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ကဏ္ဍကြီး လေးရပ်လည်း ပါဝင်နေပါတယ်။ ဒီရည်မှန်းချက်တွေဟာ လူသားတွေအတွက် အလိုအပ်ဆုံး အခြေခံအချက်တွေဖြစ်တယ်ဆိုတာကို နိုင်ငံတွေက လက်ခံထားကြပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတိုင်းက ကုလသမဂ္ဂမှာပါဝင်ပြီး လက်တွဲဆောင်ရွက်နေကြပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ကြီးဟာ နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တာနဲ့အညီ အဖွဲ့ဝင် နိုင်ငံအားလုံးကိုယ်စား၊ လူသားအားလုံးကိုယ်စား ကုလသမဂ္ဂပဋိညာဉ်ပါ ရည်မှန်းချက်တွေ အောင်မြင်အောင် ပူးပေါင်းလက်တွဲလုပ်ဆောင် နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ နိုင်ငံတကာအခြေအနေတွေအောက်မှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေဟာ မူလရည်မှန်းချက်တွေအတိုင်း အဖွဲ့ဝင်နိုင်ငံတိုင်းအပေါ် အကျိုးပြုနိုင်ရဲ့လားဆိုတာ ဆွေးနွေးအဖြေရှာဖို့ အချိန်ရောက်နေပါပြီ။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအခြေအနေ

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့ အဓိကဦးတည်ချက်နဲ့ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အချိန်မှာ ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်ခဲ့သလဲ၊ လက်ရှိအချိန်မှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရပ်တည်ချက်အနေအထား ဘယ်လိုရှိနေသလဲဆိုတာ ဒီကနေ့ဖြစ်နေတဲ့ နိုင်ငံတကာအရေးတွေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့လုပ်ရပ်တွေကို ချိန်ထိုးကြည့်ရင် အဖြေထုတ်နိုင်ပါလိမ့်မယ်။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့သက်တမ်း နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ကိုလိုနီနယ်ချဲ့မှုတွေကို ကာကွယ်နိုင်ခဲ့ပြီး နောက်ထပ်ကမ္ဘာစစ်ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေးမြှင့်တင်မှု၊ လူသားချင်းစာနာထောက်ပံ့မှု၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ အောင်မြင်ရရှိခဲ့တာတွေ ရှိပါတယ်။

ဒါပေမယ့်လည်း (၂၁) ရာစုကမ္ဘာ့အခြေအနေတွေဟာ (၂၀) ရာစု အခြေအနေတွေနဲ့ များစွာကွာခြားနေပါပြီ။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေရှိနေပေမယ့် တစ်ဖက်မှာ ခေတ်သစ်ကိုလိုနီအသွင်တွေ ပေါ်ပေါက်လာနေပါတယ်။ သိပ္ပံနဲ့နည်းပညာ တိုးတက်လာမှု ကြောင့် ကမ္ဘာကြီးဟာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်လာပြီး ပြဿနာအသစ် တွေနဲ့ရင်ဆိုင်နေကြရပါတယ်။ ကိုယ်ကျိုးစီးပွားကိုပဲ အဓိကထားလာတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုနဲ့ ခေတ်သစ်ကိုလိုနီပုံစံတွေကြောင့် နိုင်ငံတကာ တင်းမာမှုတွေနဲ့ နိုင်ငံတွေအကြား စစ်ပွဲတွေ ဖြစ်နေကြပါတယ်။ 

နိုင်ငံငယ်တွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကြားခံစစ်တလင်းတွေ ဖြစ်နေပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှု၊ စွက်ဖက်မှု၊ အကျပ်ကိုင်မှုနဲ့ အသုံးချခံရမှုတွေကြောင့် နိုင်ငံငယ်တွေအတွက် တရားမျှတမှုနဲ့ လုံခြုံမှုမရှိတော့တဲ့ အခြေအနေဖြစ်လာနေပါတယ်။ အခုဆို နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်တဲ့ အခြေအနေအထိ တင်းမာမှုတွေဖြစ်နေတာကိုကြည့်ရင် ကုလသမဂ္ဂရဲ့အခန်းကဏ္ဍဟာ ထင်ထားတာထက် ပိုပြီးမှေးမှိန်လာနေတာကို တွေ့ကြရမှာပါ။

နိုင်ငံငယ်များအား ကိုယ်စားပြုမှု

ကုလသမဂ္ဂအဖွဲ့ကြီးက တန်ဖိုးထားတဲ့ လူ့အခွင့်အရေးတွေဟာ နိုင်ငံကြီးတွေနဲ့ ဓနဥစ္စာတောင့်တင်းတဲ့ အဖွဲ့အစည်းကြီးတွေက နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေကြပါတယ်။ ဒီမိုကရေစီနဲ့ မတူကွဲပြားမှုကို လေးစားလိုက်နာဖို့ ဆော်ဩနေတဲ့ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်က အဖွဲ့ဝင်နိုင်ငံအားလုံးအပေါ် ကြီးငယ်မရွေး တစ်ပြေးညီ ဒီမိုကရေစီနဲ့ မတူကွဲပြားမှုရဲ့ အနှစ်သာရတွေကို လိုက်နာမကျင့်သုံးတာကို တွေ့နေရပါတယ်။ အင်အားကြီးရင်တစ်မျိုး၊ အင်အားငယ်ရင်တစ်မျိုးဆိုတဲ့ မမျှတတဲ့ဘက်လိုက်မှုတွေနဲ့ ဦးဆောင်နေတဲ့အတွက် ဒီကနေ့နိုင်ငံတကာမှာ စိုးရိမ်ဖွယ်တင်းမာမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးထိန်းသိမ်းတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ ရှိနေပါလျက် ကမ္ဘာတစ်ဝန်းမှာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်စေတဲ့ဖြစ်စဉ်တွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့အတွက် အဲဒီအကျိုးဆက်တွေက အခြားနိုင်ငံငယ်တွေနဲ့ လူထုအတွက် နိုင်ငံရေး၊ စီးပွားရေးတွေအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအဆုံး ထိခိုက်နစ်နာနေကြရပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေမှုတွေနဲ့ပတ်သက်လို့ ၂၀၀၄ ခုနှစ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာအရ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အချက် ခြောက်ချက်ကတော့ -

(က)    ဆင်းရဲမွဲတေမှု၊ ကူးစက်ရောဂါများနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု အပါအဝင် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ 

(ခ)    နိုင်ငံများအကြား ပဋိပက္ခများ၊ 

(ဂ)    ပြည်တွင်းပဋိပက္ခများ၊ 

(ဃ)    နျူကလီးယား၊ ဓာတုနှင့် ဇီဝလက်နက်များနှင့် အဖျက် စွမ်းအားကြီးလက်နက်များ၊ 

(င)    အကြမ်းဖက်မှု၊ 

(စ)    နယ်စပ်ဖြတ်ကျော်မှုခင်းများ။ 

အထက်ဖော်ပြပါ အချက်တွေအားလုံးဟာ ကမ္ဘာမှာလက်ရှိ ဖြစ်နေဆဲဖြစ်စဉ်တွေဖြစ်ပြီး ယခင်ကထက် ပိုမိုဆိုးရွားနေပါတယ်။ အစီရင်ခံစာမှာမပါပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ဖြစ်စဉ်ကတော့ အင်အားကြီးနိုင်ငံတွေရဲ့လွှမ်းမိုးမှုနဲ့ ခေတ်သစ်ကိုလိုနီ ပုံစံပဲဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေအရ နိုင်ငံငယ်တွေအပေါ် ကုလသမဂ္ဂရဲ့ ကာကွယ်နိုင်စွမ်း၊ ဖြေရှင်းပေးနိုင်စွမ်း၊ သမာသမတ်ကျမှုနဲ့ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ ရပ်တည်ချက်အပေါ် သုံးသပ်ဖို့ လိုနေပါတယ်။

လုံခြုံရေးကောင်စီ

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် အဓိကတာဝန်ယူထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံပါဝင်ပါတယ်။ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အလှည့်ကျရွေးချယ်ခန့်ထားပေမယ့် အဆုံးအဖြတ်အတွက် အခရာကျတဲ့ ဗီတိုအာဏာကိုတော့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ပဲ အသုံးပြုခွင့်ရရှိထားပါတယ်။ အဲဒီ ငါးနိုင်ငံစလုံးဟာ ဒုတိယ ကမ္ဘာစစ်တုန်းက စစ်နိုင်တဲ့နိုင်ငံတွေဖြစ်ပြီး အခုလည်း အင်အားကြီးနိုင်ငံတွေ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာအသုံးပြုနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှာ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေပါ။ ရုရှားနဲ့ တရုတ်နိုင်ငံတွေက သူတို့ရဲ့ ပြိုင်ဘက်နိုင်ငံတွေလို့လည်း ဆိုလို့ရပါတယ်။ အဲဒီငါးနိုင်ငံစလုံးက နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြပါတယ်။ 

ကမ္ဘာ့အရေးတွေမှာ အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့ လုံခြုံရေးကောင်စီဟာ အခုဆို ကမ္ဘာမှာဖြစ်နေတဲ့ တင်းမာမှုတွေ၊ စစ်ပွဲတွေနဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ ထိရောက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဆောင်နိုင်သလို မျှတတဲ့ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်တာ တွေ့နေရပါတယ်။ အထူးသဖြင့် အင်အားကြီး နိုင်ငံတွေနဲ့ပတ်သက်တဲ့ အရေးကိစ္စမှန်သမျှမှာ လုံခြုံရေးကောင်စီဟာ ထိရောက်တဲ့လုပ်ဆောင် နိုင်မှုမရှိတာ တွေ့ရပါတယ်။ ဥပမာ - အီရတ်၊ ဆီးရီးယားနဲ့ ယူကရိန်း အရေးတွေမှာ တွေ့နိုင်ပါတယ်။ ဒါဟာ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့် နဲ့ အင်အားကြီး နိုင်ငံတွေရဲ့လုပ်ပိုင်ခွင့်အကြား အာဏာပြိုင်ဆိုင်မှု တစ်ရပ်လို့ သုံးသပ်ရမှာပါ။

လုံခြုံရေးကောင်စီရဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ်ဖြစ်စေတဲ့ အချက်တွေထဲမှာဆိုရင် မျှတတဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့ အခက်အခဲပဲ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ၎င်းရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ တွန်းအားပေးရာမှာ အရေးယူပိတ်ဆို့တဲ့နည်း ဒါမှမဟုတ် စစ်ရေးနည်းလမ်းတွေကို အသုံးချနိုင်ပေမယ့် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေက ဗီတိုအာဏာသုံးလာတဲ့အချိန်မှာ ထိရောက်မှုနဲ့ မျှတမှုမရှိတာကို တွေ့ရပါတယ်။ 

ဗီတိုအာဏာပိုင်တဲ့နိုင်ငံတွေကလည်း ၎င်းတို့ရဲ့ အကျိုးစီးပွားနဲ့ယှဉ်ပြီး ဆုံးဖြတ်ကြလေ့ရှိတာကြောင့် နိုင်ငံငယ်တွေအနေနဲ့ မျှတတဲ့ဆုံးဖြတ်ချက်ရဖို့ဆိုတာ အလွန် ခဲယဉ်းပါတယ်။ ဒုတိယအချက်ကတော့ လုံခြုံရေးကောင်စီအပေါ် အနောက်အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကိုယ်စားပြုမှုရှိတယ်ဆိုပေမယ့် အများအားဖြင့် အနောက်အုပ်စုတွေက လွှမ်းမိုးထားကြပါတယ်။ ဥရောပနဲ့ အမေရိကန်တို့က ကုလသမဂ္ဂကိုလွှမ်းမိုးပြီး ၎င်းတို့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ကြတာဖြစ်လို့ ကုလသမဂ္ဂနဲ့ ၎င်းရဲ့အဖွဲ့အစည်းတွေဟာ အနောက်အုပ်စုရဲ့ နိုင်ငံရေးလက်နက်တစ်ခုသဖွယ် ဖြစ်လာပါတယ်။ ဒါဟာ လုံခြုံရေး ကောင်စီကို လမ်းကြောင်းလွဲစေတဲ့ ကိုယ်စားပြုမှုမမျှတခြင်းနဲ့ ဗီတိုအာဏာပေးထားမှု မမှန်ကန် ခြင်းရဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။

ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေး

ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဟာ အခုမှဖြစ်လာတဲ့ အယူအဆတော့ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်များကတည်းက ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးပြုလုပ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဟာဒီကနေ့အထိ လက်တွေ့ဖြစ်မလာသေးပါဘူး။ ပြောင်းလဲရေးပြုလုပ်ဖို့ဆိုတာ ရှုပ်ထွေးမှုတွေ၊ အပြန်အလှန်ချိတ်ဆက်နေတဲ့ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေက များပြားပါတယ်။ ကုလသမဂ္ဂပြုပြင်ပြောင်းလဲဆိုတဲ့ ရည်ရွယ်ချက်မှာကိုပဲ ကွဲပြားမှုတွေ ရှိနေပါတယ်။ 

ကုလသမဂ္ဂက အကောင်အထည်ဖော်နေတဲ့ ၂၀၃၀ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်၊ ရန်ပုံငွေရရှိမှု၊ အုပ်ချုပ်ရေးစနစ်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှု စတဲ့ပြုပြင်ပြောင်းလဲရေးအတွက် အဆိုပြုထားတာတွေလည်း ရှိပါတယ်။ လက်တွေ့မှာတော့ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဟာ ၂၀၃၀ ရည်မှန်းချက်အောင်မြင်ရေးဆိုတာထက် ပိုမိုကျယ်ပြန့်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းထဲမှာ မဆီလျော်တော့တဲ့ အကြောင်းအရာတွေ ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့ဆိုတာတွေလည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီး ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ လက်ရှိအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ပြုပြင်ပြောင်းလဲရေးရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်၊ လုပ်ငန်းစဉ်တွေထက် လူသားတွေအရေးကို ပိုမိုအလေးထားဖို့၊ ပိုသွက်လက်ပြီး ထိရောက်လာဖို့နဲ့ တန်းတူညီ မျှမှု၊ မတူကွဲပြားမှုတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းခွင်တစ်ခု တည်ဆောက်ဖို့ပါ” လို့ဆိုပါတယ်။ သူ့ရဲ့စကားမှာကိုပဲ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့အခြေအနေကို မြင်နိုင်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ တရားမျှတမှုမရှိတဲ့ အခြေအနေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြောကြားခဲ့ကြပါတယ်။ ဒီတော့ နိုင်ငံတကာအဖွဲ့ အစည်းကြီးတစ်ခုရဲ့ လုပ်ဆောင်မှုဟာ တရားမျှတမှုမရှိဘူးဆိုတဲ့ အရင်းခံအကြောင်းရင်း တွေကိုဖြေရှင်းကြဖို့ အချိန်ရောက်နေပါပြီ။ 
ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက် ၂၀၀၄ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Group of Four (G4s) (ဘရာဇီး၊ ဂျာမနီ၊ အိန္ဒိယနဲ့ ဂျပန်)က လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမြဲတမ်း မဟုတ်တဲ့အဖွဲ့ဝင်နိုင်ငံတွေ တိုးချဲ့ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ G4s အဖွဲ့ဝင်နိုင်ငံတွေကလည်း လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ပါဝင်ဖို့ ဖြစ်ပါတယ်။ 

G4s နိုင်ငံ လေးနိုင်ငံအနက်က ဂျာမနီနဲ့ဂျပန်က ဒုတိယကမ္ဘာစစ် မှာ စစ်ရှုံးခဲ့တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့က အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။ အိန္ဒိယကတော့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံဖြစ်ပါတယ်။ အဲဒီ G4s အဖွဲ့ဝင်နိုင်ငံတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က လုံခြုံရေးကောင်စီပြင်ဆင် ဖွဲ့စည်းရေးဟာ အရေးတကြီးလိုအပ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ 

G4s အဖွဲ့မတိုင်မီ ၁၉၉၃ ခုနှစ်က လုံခြုံရေးကောင်စီအဖွဲ့ဝင်ဆိုင်ရာနဲ့ လုံခြုံရေးကောင်စီရဲ့ အခြားကိစ္စတွေနဲ့ပတ်သက်တာတွေ စဉ်းစားဖို့အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက Open-ended Working Group ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် စက်တင်ဘာလ မှာ လုံခြုံရေးကောင်စီအနေနဲ့ အနာဂတ်မှာရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကို သုံးသပ်ဖို့အတွက် အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဖွဲ့ပေးခဲ့ပါတယ်။ ဒါပေမယ့် တိုးတက်မှုအခြေအနေကတော့ ဒီကနေ့အထိ မတွေ့ရသေးပါဘူး။ အင်အားကြီးနိုင်ငံတွေရဲ့ အာဏာလွန်ဆွဲမှုအောက်မှာ လုံခြုံရေး ကောင်စီပြုပြင်ပြောင်းလဲရေး တိုးတက်မှုမရှိတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

အာဏာလွန်ဆွဲမှုအောက်

ကုလသမဂ္ဂပြုပြင်ပြောင်းလဲဖို့ဆိုရာမှာ ဆက်စပ်အဖွဲ့အစည်းတွေ ပြောင်းလဲရေးအပါအဝင် မျှတတဲ့ကိုယ်စားပြုမှု၊ ဒီမိုကရေစီနဲ့ မတူကွဲပြားမှု၊ ပွင့်လင်းမြင်သာမှု၊ ရန်ပုံငွေရရှိမှု၊ အုပ်ချုပ်ရေးစနစ် ဆိုတာတွေလည်း ပါဝင်ပါတယ်။ ဒီလိုပြောင်းလဲမှုမှာ လက်ရှိဗီတိုအာဏာ ရရှိထားတဲ့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားတွေနဲ့ အမြဲတမ်းအဖွဲ့ဝင် မဟုတ်တဲ့ စီးပွားရေး၊ စစ်ရေးအင်အားကြီး နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေက လွန်ဆွဲနေကြပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ကြီး ပြုပြင်ပြောင်းလဲဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “ဒီကနေ့ ကမ္ဘာရဲ့ လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်အောင် ဒီအဖွဲ့အစည်းကို ပိုပြီးပါဝင်လာစေဖို့ အချိန်တန်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်မတိုင်ခင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ပြောကြားချက်တွေဟာ လူသားတွေနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့ ကုလသမဂ္ဂပဋိပညာဉ်စာတမ်းမှာပါတဲ့ အနှစ် သာရတွေကို လိုလားတာလား၊ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွား ထင်တိုင်းမပေါက်လို့ ပြုပြင်ပြောင်းလဲချင်တာလား ဆိုတာလည်း ဆန်းစစ်ကြရပါလိမ့်မယ်။ ဒါနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာဟန်ရမ်ဂျိုင်ရှန်ကာ ပြောကြားတာကတော့ ရှင်းပါတယ်။ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုတွေကို ရိုးရိုးသားသားလုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ မိမိတို့ရဲ့ အနာဂတ်ကို စဉ်းစားချင့်ချိန်တဲ့ညီလာခံတွေမှာ ကမ္ဘာ့တိုက်ကြီးတွေနဲ့ ဒေသတွေ အားလုံးရဲ့ သဘောထားတွေကို ငြင်းဆန်ခံရတာဟာ တော်တော်လေး မတရားဘူးလို့ မြင်နေကြပါတယ်လို့ ဆိုလိုက်ခြင်းပါပဲ။

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြောကြားရာမှာတော့ လုံခြုံရေးကောင်စီကို တရားနည်းလမ်းတကျနဲ့ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အမြဲတမ်းထောက်ခံပြီး ဒီအတွက်လည်း အစဉ်တစိုက် အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေ ပြုလုပ်နေခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကိုယ်စားပြုမှုနဲ့ ပြောရေးဆိုခွင့်ကို ဦးစားပေးတိုးဖြည့်ရမှာဖြစ်ပြီး ပိုမိုများပြားတဲ့နိုင်ငံတွေ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ နိုင်ငံငယ်နဲ့ အလတ်စားနိုင်ငံတွေ ပိုမိုပါဝင်ဖို့ အခွင့် အလမ်းရှိစေရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရာမှာ ဗီတိုအာဏာပိုင်တဲ့ အင်အားကြီးနိုင်ငံတွေကလည်း သူတို့လိုလားချက်၊ သူတို့အမြင်နဲ့ ပြောင်းလဲနေချင်ကြသလို ဗီတိုအာဏာမရသေးတဲ့ အင်အားကြီးနိုင်ငံတွေနဲ့ နိုင်ငံငယ်တွေကလည်း ဗီတိုအာဏာရရှိရေး၊ ကိုယ်စားပြုရေး၊ တန်းတူရည်တူရှိရေး၊ တရားမျှတမှုရှိရေးစတဲ့ ရည်မှန်းချက်အမျိုးမျိုးနဲ့ ပြောင်းလဲချင်ကြပါတယ်။ ဒီကနေ့လို အင်အားကြီးနိုင်ငံတွေအကြား ကိုယ်ကျိုးစီးပွားဖော်ဆောင်ရေး ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်မှာ ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီအတွင်း သူတို့ရဲ့လုပ်ပိုင်ခွင့် လျော့ကျစေမယ့် ဒါမှမဟုတ် သူတို့လုပ်ပိုင်ခွင့်ကို အကန့်အသတ်ဖြစ်စေမယ့် ပြောင်းလဲမှုတွေ၊ သူတို့ကို ခြေရာချင်းတိုင်းလာမယ့် ဗီတိုအာဏာပိုင် နိုင်ငံတွေ တိုးလာစေမယ့် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းလှပါတယ်။ 

အင်အားကြီးနိုင်ငံတွေရဲ့ အာဏာလွန်ဆွဲမှုတွေအကြား ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ထင်သလောက်ခရီးမပေါက်တော့တဲ့ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီကို ရည်ရွယ်ချက်မှန်မှန်နဲ့မပြောင်းလဲနိုင်ခဲ့ရင် ဖြစ်လာမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ အကျိုးဆက်တွေက နိုင်ငံတကာ အဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂအတွက် ပိုမိုခက်ခဲကြမ်းတမ်း လာပါလိမ့်မယ်။  ။

ကိုးကား -
၁။    THE FUTURE WE WANT THE UN SYSTEM WE NEED၊ United Nations 2016
၂။    United Nations Security Reform၊ March 2022၊ https://www.mofa.go.jp/ files/ 100059111.pdf
၃။    https://www.thehindu.com/news/international/india-japan-brazil-germany-dissatisfied-with-lack-of-progress-in-un-reform/article65926668.ece