တိုကျိုနှင့် တခြား ခရိုင် ၁၂ ခု၌ တစ်စိတ်တစ်ပိုင်းအရေးပေါ် အခြေအနေကြေညာရန် အစိုးရစီစဉ်

တိုကျို ဇန်နဝါရီ ၁၉

 

အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသစ်များ စံချိန်တင်မြင့်တက် လျက်ရှိသည်။ အစိုးရသည် တိုကျိုနှင့် တခြားခရိုင် ၁၂ ခုတွင် တစ်စိတ်တစ်ပိုင်း အရေးပေါ် အခြေအနေကြေညာရန် စီစဉ်ခဲ့သလို အုပ်ချုပ်ရေးမှူးများကိုလည်း ကိုဗစ်-၁၉ တားဆီးဆန့်ကျင်ရေး ဆောင်ရွက်ချက်များကို အရှိန်မြှင့်တင်ရန် လုပ်ပိုင် ခွင့်များလည်း ပေးထားသည်။

 

ဂျပန်နိုင်ငံတစ်ဝန်း အာဏာပိုင်များက ဇန်နဝါရီ ၁၈ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၂၀၀၀ ကျော်ရှိကြောင်း အတည်ပြု ဖော်ပြခဲ့သည်။ သြဂုတ်လတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၆၀၀၀ နီးပါးဖြင့် စံချိန်တင်ခဲ့သည်။ အိုကီနာဝါ၊ ယာမာဂူချီနှင့်  ဟီရိုရှီးမားခရိုင်သုံးခုသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်မှုကို တိုက်ဖျက်ရန် ပြင်းထန်သော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ တရားဝင်ဆုံးဖြတ်ချက် တစ်ခုကို ဇန်နဝါရီ ၁၉ ရက်တွင် မကြေညာခင် ဗဟိုအစိုးရသည် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးလိမ့်မည်ဖြစ်သည်။

 

တိုကျိုမြို့သည် ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး မြို့တစ်မြို့ဖြစ်သည်။ ဇန်နဝါရီ ၁၈ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအသစ် ၅၀၀၀ ကျော် ရှိခဲ့သည်။ ။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀၀ ကျော်ကို နေအိမ်တွင် သီးသန့်ခွဲခြားထားသည်။ ၎င်းတို့တွင် ရောဂါ လက္ခဏာအပျော့စားများ ဖြစ်ပွားလျက်ရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်းများကို တွေ့ရသည်။

 

ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် ဖယ်ထားသော ခုတင် ၂၀ ရာခိုင် နှုန်းသည်လည်း ယခုအခါတွင် အပြည့်ဖြစ်လျက်ရှိသည်။ တိုကျိုတွင်သာ တစ်စိတ်တစ်ပိုင်း အရေးပေါ် အခြေအနေကိုသာ ခွင့်ပြုလိုက်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ စောစောပိတ်ထားရမည် သို့မဟုတ် ဖောက်သည်များအတွက် နေရာကန့်သတ်ချက်များ ရှိလာမည် ဖြစ်သည်။

 

အိုဆာကာတွင် အဆိုပါအဆင့်ကို ကျင့်သုံးရန် မပြောထားရသေးကြောင်း၊ သို့သော်လည်း ကျင့်သုံးလျှင် ကောင်းမည် လားဆိုပြီး စဉ်းစားလျက်ရှိကြောင်း သိရသည်။ ၎င်းဒေသတွင် ဇန်နဝါရီ ၁၈ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၅၄၀၀ နီးပါးရှိသည်။

 

အင်န်အိတ်ချ်ကေ