တိုကျိုမှရန်ကုန်သို့ ကယ်ဆယ်ရေးလေယာဉ် ၃ ကြိမ်ပျံသန်းမည်

ရန်ကုန် ၁၆ သြဂုတ်

 

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လာရန် ဆန္ဒရှိသော မြန်မာနိုင်ငံသားများအတွက် ဂျပန်နိုင်ငံ နာရီတာမှ ရန်ကုန်မြို့သို့ သြဂုတ် ၂၇ ရက် ၊ စက်တင်ဘာ ၃ ရက်နှင့် စက်တင်ဘာ ၁၀ ရက်တို့တွင် ကယ်ဆယ် ရေးလေယာဉ်ဖြစ်သည့် All Nippon Airways (ANA လေကြောင်းလိုင်း) ဖြင့် ပျံသန်းရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးမှ သိရသည် ။

                 

အဆိုပါ ANA လေကြောင်းလိုင်း၏ အပြန်ခရီးစဉ်တွင် ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံသားများ လိုက်ပါနိုင်ရန် သြဂုတ် ၂၈ ရက်၊ စက်တင်ဘာ ၄ ရက်နှင့်စက်တင်ဘာ ၁၁ ရက်များတွင် ANA လေကြောင်းလိုင်း လေယာဉ်အမှတ် NH 814 ဖြင့် ပျံသန်းမည်ဖြစ်သည်။ ရန်ကုန်မြို့မှ ၂၁ : ၄၅ နာရီတွင် ထွက်ခွါပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နောက်တစ်နေ့နံနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည် ။

                 

ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသားများအပြင် သက်တမ်းကျန်ရှိနေသည့် ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက်၊ အထူးပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် အပါအဝင် ဂျပန်နိုင်ငံမှထွက်ခွာလာသည့် မြန်မာ နိုင်ငံသားများ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။

 

လက်ရှိအချိန်ထိ ထုတ်ပေးထားသည့် တစ်ကြိမ်ပြည်ဝင်ခွင့်နှင့် အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာများ၏ အကျိုးသက်ရောက်မှု့ကို သြဂုတ်လကုန်အထိ ရပ်ဆိုင်းထားသည်။ ရပ်ဆိုင်းထားခြင်းကို စက်တင်ဘာလ ကုန်အထိ သက်တမ်းတိုးပါက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပေးထားသည့် ဂျပန်ပြည် ဝင်ခွင့်ဗီဇာကို အသုံးပြု၍ ယခုလေယာဉ်ဖြင့် စီးနင်းလိုက်ပါကာ ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မည် မဟုတ် ကြောင်း သိရသည် ။

             

ထို့ပြင်ဂျပန်နိုင်ငံသို့ ဝင်ရောက်သည့်အခါ ပြည်ဝင်ခွင့် စစ်ဆေးမှု့ရလာဒ်အရ ပြည်ဝင်ခွင့် ငြင်းပယ် ခံရခြင်းကို ရှောင်ရှားနိုင်ရန် ဖော်ပြပါ လေယာဉ်ဖြင့် လိုက်ပါလိုသူများသည် ရန်ကုန်မြို့ရှိ ဂျပန်သံရုံးကောင်စစ်ဌာနနှင့် ဆက်သွယ်တိုင်ပင်စေလိုကြောင်း ဖေါ်ပြထားသည်။

 

ရောဂါကာကွယ်ရေး စီမံချက်အရ မြန်မာနိုင်ငံမှ လာရောက်သည့် မည်သည့်နိုင်ငံသားမဆို မိမိနေအိမ် ၊ သီးသန့်နေရာများတွင် ၁၄ ရက်ကြာ နေထိုင်ရမည်ဖြစ်သည်။ မရှင်းလင်းသည့် အချက်များကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန ဖုန်း - ၀၁၅၄၉၆၄၄  မှ ၀၁၅၄၉၆၄၈  အတွင်းရှိ ဖုန်းများနှင့် အီးမေးလ် ryoji @ yn. mofa.go. jp သို့ဆက်သွယ်နိုင်ကြောင်းသိရသည် ။

 

အောင်သူရ