တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစားပွဲကုန်ကျစရိတ် များစွာလျှော့ချရန် ပွဲစီစဉ်သူများမျှော်မှန်းထား

၇ အောက်တိုဘာ

 

၂၀၂၀ တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစားပွဲများအတွက် ကုန်ကျစရိတ်ဒေါ်လာ သန်း ၁၉၀ ကျော် လျှော့ချရန် အားကစားပွဲစီစဉ်သူများက မျှော်မှန်းထားသည်ဟု အန်အိတ်ချ်ကေသတင်းဌာနက ဖော်ပြထားသည်။

 

IOC ကော်မရှင်အဖွဲ့နှင့် တိုကျိုအားကစားပွဲစီစဉ်သူများက စက်တင်ဘာလက ကျင်းပသည့် အားကစားပွဲကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်ပြီး အချက် ၅၂ ချက်ကို ဗွီဒီယိုဆွေးနွေးမှုဖြင့် သဘောတူညီခဲ့ကြသည်။

 

အဆိုပါ အချက် ၅၂ ချက်တွင် အားကစားပွဲသို့လက်ရှိတက်ရောက်မည့် တာဝန်ရှိသူဦးရေ ၅၀၀၀၀ မှ တက်ရောက်မည့်သူဦးရေ အရေအတွက်ကို ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချမည့်အစီအစဉ် ပါဝင်သည်။

 

ဝန်ထမ်းအင်အားလျှော့ချခြင်းသည် ဒေါ်လာ ၂၈ သန်းအထိ လျှော့ချလိမ့်မည်ဟု ၎င်းတို့က ဆိုသည်။

 

အားကစားပွဲကျင်းပရာနေရာများနှင့် အိုလံပစ်ကျေးရွာအတွက် အလှဆင်ပစ္စည်းများ ပြောင်းလဲပြင်ဆင်ခြင်းသည် ဒေါ်လာ ၉ ဒသမ ၄ သန်းကျော် လျှော့ချမည်ဖြစ်ပြီး မီးရှူးတိုင်လက်ဆင့်ကမ်းအစီအစဉ် ပြန်လည်ပြင်ဆင်ခြင်းသည် ဒေါ်လာ ၇ ဒသမ ၅ သန်းကျော် လျှော့ချမည်ဖြစ်ကြောင်းကိုလည်း ၎င်းတို့က ပြောကြားသည်။

 

အားကစားပွဲစီစဉ်ရေးကော်မတီက အားကစားပွဲကုန်ကျစရိတ်စုစုပေါင်း ဒေါ်လာ သန်း ၁၉၀ ကျော် လျှော့ချမည်ဟု ခန့်မှန်းထားသည်။

 

၎င်းအဖွဲ့သည် ထိုကိန်းဂဏန်းများကို IOC အမှုဆောင်ဘုတ်အဖွဲ့ထံသို့ ဗုဒ္ဓဟူးနေ့တွင် တင်ပြမည်ဟု မျှော်လင့်ရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို