တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် ဆားဘီးယားအားကစားသမားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိ

တိုကျို ဇူလိုင် ၅

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဆားဘီးယားလှေလှော်အသင်းသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိကြောင်း ယနေ့သတင်းများအရသိရသည်။

ဆားဘီးယားလှေလှော်အသင်းသည် အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်သို့ ယနေ့ရောက်ရှိစဉ် ဆေးစစ်မှုများခံယူခဲ့ရာ ၎င်းတို့၏ အသင်းသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိရသည်။

ဆားဘီးယားလှေလှော်အသင်းသည် အိုလံပစ်အားကစား ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိလာသည့် အားကစားသမားများနှင့် ကိုယ်စားလှယ်အဖွဲ့များအနက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသည့် ဒုတိယမြောက် အားကစားအဖွဲ့ ဖြစ်သည်။

လွန်ခဲ့သည့်လက ယူဂန္ဓာအားကစားကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမားနှစ်ဦး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့သည်။

အသက် ၃၀ အရွယ်ရှိသောဆားဘီးယားလှေလှော် အားကစားသမားတွင် ကိုဗစ်-၁၉ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် ၎င်းနှင့် အနီးကပ်နေထိုင်သည့် အသင်းသားများကိုလည်း ရက်သတ္တနှစ်ပတ် သီးခြားနေထိုင်စေကာစောင့်ကြည့်လျက်ရှိသည်။

ဆားဘီးယားအသင်းက ဇူလိုင် ၁၈ ရက်တွင် တိုယာမာခရိုင် နန်တိုမြို့၌ လေ့ကျင့်မှုလုပ်ဆောင်ရန် စီစဉ်ထားရှိသော်လည်း အဆိုပါအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ဂျပန်အာဏာပိုင်များက အိုလံပစ်အားကစားသမားများနှင့် ကိုယ်စားလှယ်အဖွဲ့များအတွက် ပိုမိုတင်းကျပ်သော ကျန်းမာရေးဆိုင်ရာအစီအမံများ ချမှတ်ထားကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ ဘာသာပြန်- အောင်ကျော်ကျော်