တိုက်စစ်မှူး ဝဲလ်ဘတ်အား ဝက်ဖို့ဒ်အသင်း ခေါ်ယူ

အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း ဒန်နီဝဲလ်ဘတ်သည် ပြီးခဲ့သည့် သြဂုတ် ၇ ရက်တွင် ပရီမီယာလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းနှင့် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘတ် (၂၈ နှစ်) နှင့် ဝက်ဖို့ဒ်အသင်းတို့ ချုပ်ဆိုခဲ့သည့် စာချုပ်သက်တမ်းကိုမူ သတင်းများတွင် ရေးသားဖော်ပြထားခြင်း မရှိပေ။


တိုက်စစ်မှူး ဝဲလ်ဘတ်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ခုနှစ်ဘောလုံးရာသီအကုန်တွင် အာဆင်နယ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်ကာ အသင်းသစ် ရှာဖွေနေခဲ့သူဖြစ်သည်။ တိုက်စစ်မှူး ဝဲလ်ဘတ်အား အဲဗာတန်နှင့် ဝက်စ်ဟမ်းအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားမှုရှိခဲ့သော်လည်း ဝဲလ်ဘတ်အနေဖြင့် ပုံမှန်ကစားခွင့်ရရှိရန် ဆန္ဒရှိနေခြင်းကြောင့် အဆိုပါ အသင်းများအနေဖြင့် ဝဲလ်ဘတ်အား ခေါ်ယူရေးကို လက်လျှော့ခဲ့ရသည်ဟုဆိုသည်။


မန်ယူအသင်းတွင်လည်း ပါဝင်ကစားခဲ့ဖူးသူ တိုက်စစ်မှူး ဝဲလ်ဘတ်သည် ဝက်ဖို့ဒ်အသင်းတွင် တစ်ပတ် လုပ်ခငွေ ပေါင် ၁၀ဝဝဝဝ ရရှိမည်ဖြစ်ကာ ဝက်ဖို့ဒ်အသင်း၏ လုပ်ခငွေအများဆုံး ရရှိသည့် ကစားသမား ဖြစ်လာမည် ဖြစ်သည်။ ဝဲလ်ဘတ်၏လုပ်ခငွေသည် ယခင်က ဝက်ဖို့ဒ်အသင်း၌ လုပ်ခငွေ အများဆုံးရရှိသူအဖြစ် ရပ်တည်ခဲ့သူ တိုက်စစ်မှူး တီရွိုင်းဒီနေး၏ လုပ်ခငွေထက် ပေါင် ၃၀ဝဝဝ ပိုမိုများပြားသည်ဟုဆိုသည်။ ထို့အပြင် တိုက်စစ်မှူး ဝဲလ်ဘတ်သည် ဝက်ဖို့ဒ်အသင်းထံမှ စာချုပ် လက်မှတ်ရေးထိုးကြေးအဖြစ် ပေါင် ငါးသန်း တောင်းဆိုခဲ့ကြောင်း သတင်းများတွင် ဆက်လက်ရေးသား ထားသည်။


တိုက်စစ်မှူး ဝဲလ်ဘတ်သည် ပြီးခဲ့သည့် ဘောလုံးရာသီနှစ်ရာသီအတွင်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ၂၀၁၈-၁၉ခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ်အသင်းအတွက် စုစုပေါင်း ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်နိုင်ခဲ့ပြီး ငါးဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ တိုက်စစ်မှူး ဝဲလ်ဘတ်သည် ၂၀ဝ၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မန်ယူအသင်းတွင် ပါဝင်ကစားခဲ့ပြီးနောက် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 


ထက်အောင်