တီဘီရောဂါကင်းစင်ဖို့ လူသားအားလုံး ပူးပေါင်းပါဝင်စို့

ရွှေချည်

တီဘီရောဂါသည် ယခုအချိန်ထိ ကမ္ဘာ့အသေအပျောက် အများဆုံးရောဂါများထဲမှ တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး မကြာသေးမီနှစ်များကပင် ဆေးယဉ်ပါးတီဘီရောဂါအတွက် စိုးရိမ်စရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးသတိပြုကြမိမည်ထင်ပါသည်။

မတ်လ ၂၄ ရက်နေ့သည် ကမ္ဘာ့တီဘီရောဂါနေ့(World Tuberculosis Day) ဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ တီဘီရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာများတွင် ဆိုးရွားစွာထိခိုက်စေနိုင်သည့် အကျိုးဆက်များအကြောင်းကို ပြည်သူများထံသို့ အသိပေးဆောင်ရွက်နိုင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါပပျောက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ တီဘီရောဂါ(TB) ကျူဘာကယ် ဘက်စီလပ်(ခ) (tubercle bacillus) ရောဂါသည် ဗက်တီးရီးယားပိုးအမျိုးမျိုးကြောင့် ဖြစ်ပွားရသည့် ရောဂါဖြစ်ပြီး ကြပ်ကြပ်မတ်မတ်ကုသခြင်းမျိုးမပြုလုပ်ပါက လူ့အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်လာနိုင်သည့် ကူးစက်ရောဂါတစ်မျိုးလည်းဖြစ်ပါသည်။

သမိုင်းကြောင်း

ကမ္ဘာ့တီဘီရောဂါနေ့ ဆောင်ပုဒ်သည် “Yes! We can end TB” ဖြစ်ပြီး ၁၈၈၂ ခုနှစ်တွင် ဒေါက်တာ Robert Koch သည် တီဘီရောဂါဖြစ်စေသည့် ဗက်တီးရီးယားပိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ရောဂါရှာဖွေခြင်းနှင့် ကုသပျောက်ကင်းရန် လမ်းဖွင့်ပေးသည့် အဆိုပါနေ့ကို ကမ္ဘာ့တီဘီရောဂါနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်ပြုလုပ်သည့် တီဘီရောဂါဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့် အစည်းအဝေးအပြီးတွင် ဥရောပကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အားပေးစကားပြောကြားပြီး ကမ္ဘာ့တီဘီရောဂါဝေဒနာရှင်များအနေဖြင့် အောက်ပါအချက်များကို လိုက်ပါဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။

(၁) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ခြင်း၊

(၂) ဆန်းသစ်တီထွင်ထားသည့် ကုထုံးများကို လိုက်ပါကျင့်သုံးဆောင်ရွက်ခြင်း၊

(၃) အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

စသည့်အချက်များကို လိုက်နာကျင့်သုံး ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။

အဆုတ်တီဘီ ဆိုသည်မှာ

အဆုတ်တီဘီဆိုသည်မှာ တစ်သျှူးများကို တိုက်ခိုက်ဖျက်ဆီးတတ်သော ဗက်တီးရီးယားပိုး ကူးစက်ခံရခြင်းဖြစ်ပါသည်။ ထိုဗက်တီးရီးယားကို Mycobacterium tuberculosis (MTB) ဟု ခေါ်ပြီး ၎င်းပိုးသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့ကာ လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်ပါသည်။ ထိုပိုးကူးစက်ခြင်းခံရသည့် လူအများစုသည် လက္ခဏာမပြသည့် အဆုတ်တီဘီရောဂါ ခံစားနေရပါသည်။ ကိုယ်ခံအားအ‌ပေါ်မူတည်၍ အချိန်အတိုင်းအတာတစ်ခု သို့မဟုတ် သီတင်းပတ်အနည်းငယ်မှ နှစ်အတန်ကြာမှသာ တီဘီရောဂါလက္ခဏာများ ပြသခြင်းကို ဖြစ်ပေါ်နိုင်ပါသည်။ အထူးသဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံး ခံယူနေခြင်း စသည့် ကိုယ်ခံအားနည်းစေသော အကြောင်းရင်းများရှိပါက တီဘီရောဂါပို၍အဖြစ် လွယ်ပါသည်။ တီဘီရောဂါ၏ ကြောက်စရာ ကောင်းသည့်အချက်သည် အဆုတ်ကို ထိခိုက်စေခြင်း၊ အရိုး၊ ပြန်ရည်ကျိတ်၊ ပင်မအာရုံကြောအဖွဲ့အစည်း၊ နှလုံးနှင့်အခြားအင်္ဂါများသို့ ပျံ့နှံ့ဝင်ရောက်နိုင်ခြင်းပင်ဖြစ်ပါသည်။

အဖြစ်များသည့် ရောဂါဖြစ်

တီဘီရောဂါသည် လူဦးရေထူထပ်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းများနှင့်လည်း ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိရသည်။ တီဘီရောဂါရှိသည့် နေရာပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ မသန့်ရှင်းသည့် ဆေးထိုးအပ်များသုံးစွဲသူများ၊ လူစုလူဝေးများသည့်နေရာများတွင် နေထိုင်သူများနှင့် အလုပ်လုပ်သူများ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှုနည်းသူများ၊ ဝင်‌ငွေနည်းပါးသူများ၊ ရောဂါပိုးရှိသည့် လူကြီးများနှင့် အတူနေထိုင်သည့် ကလေးသူငယ်များ၊ HIV/AIDS ကဲ့သို့သော ခုခံအားကျဆင်းသည့် ရောဂါကူးစက်ခံနေရသူများ၊ ခုခံအားကျဆင်း စေသည့် ဆေးဝါးသုံးစွဲသူများနှင့် ရောဂါရှိလူနာများကို စောင့်ရှောက်ကုသပေးရသည့် ကျန်းမာရေးဝန်ထမ်းများတွင်လည်း တီဘီရောဂါကူးစက်နိုင်ခြေ မြင့်မားနိုင်ပါသည်။

ထို့ပြင် နာတာရှည်အဆုတ်ရောဂါသည် တီဘီရောဂါဖြစ်ပွားစေနိုင်သော သိသာထင်ရှားသည့် အချက်တစ်ခုပင်ဖြစ်ပါသည်။ ဆေးလိပ်၊ စီးကရက်နှင့် အရက်ကို လွန်ကျွံစွာ သောက်သုံးသူများသည် သာမန်လူများထက် တီဘီရောဂါဖြစ်ပွားနိုင်ခြေနှစ်ဆရှိပါသည်။ ဆီးချိုရောဂါရှိသူများတွင် တီဘီရောဂါဖြစ်ပွားနိုင်ခြေသုံးဆများကြောင်း ဖော်ပြချက်များတွင် ဖတ်ရှုမိပါသည်။

အဆုတ်တီဘီရောဂါ၏ လက္ခဏာများ

တီဘီရောဂါပိုး စတင်ဝင်ရောက်ပြီး လက္ခဏာမပြသေးခင်ကြားကာလတွင် သင်သည် သာမန်လူကဲ့သို့ပင် နေထိုင်နိုင်မည်ဖြစ်ပါသည်။ လူနာအများစုသည် ဤအဆင့်တွင် ရောဂါလက္ခဏာမပြသလို ရောဂါလည်းမပျံ့နှံ့နိုင်ပါ။ တီဘီရောဂါဖြစ်ပွားပြီဆိုပါက ပိုးဝင်ရောက်ပျံ့နှံ့သည့် အနေအထားပေါ်မူတည်၍ များသောအားဖြင့် ရောဂါလက္ခဏာသည် ချောင်းဆိုးခြင်း (အနည်းဆုံးသုံးပတ်ခန့်)၊ သလိပ်ထွက်ခြင်း၊ ချောင်းဆိုးရာတွင် သွေးပါခြင်း၊ အဖျားတက်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ မောပန်းခြင်းနှင့် အားနည်းခြင်းများကို ခံစားရမည်ဖြစ်ပါသည်။ တီဘီရောဂါလက္ခဏာများသည် အခြားအဆုတ်နှင့်ဆိုင်သော ရောဂါများကြောင့်လည်းဖြစ်နိုင်ပါသည်။ အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ မိမိတွင် ရောဂါလက္ခဏာ တစ်ခုခုခံစားနေရသည်ဟု သံသယဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

တီဘီရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု

တီဘီရောဂါသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားမှုနှုန်းသာမက သေဆုံးမှုပါမြင့်မားသည့်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ထားပါသည်။ တီဘီရောဂါသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါမတိုင်မီ လူသေဆုံးမှုအများဆုံး ရောဂါအဖြစ် ရပ်တည်နေပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်များတွင် တစ်နှစ်လျှင် ပျမ်းမျှလူ ၁ ဒသမ ၅ သန်းခန့်သည် တီဘီရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လူ ၁၀ ဒသမ ၅ သန်းခန့်သည် တီဘီရောဂါနှင့် ဆေးယဉ်ပါး တီဘီရောဂါများကြောင့် နာမကျန်းဖြစ်ခဲ့ကြပြီး ထိုအထဲမှ လူနာ ၁ ဒသမ ၅ သန်းခန့် သေဆုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း လူ ၂၀၀၀၀ ခန့်သည် တီဘီရောဂါအမျိုးမျိုးကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းတွက်ဆထားကြသည်။ ယခုအချိန်ကာလအထိ တီဘီရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဖြစ် တည်ရှိနေဆဲဖြစ်ပြီး လူအချင်းချင်း ကူးစက်ပြန့်ပွားဆဲနှင့် သေဆုံးစေမြဲလည်း ဖြစ်ပါသည်။

တီဘီကျန်းမာရေး စောင့်ရှောက်မှု

(၁) တီဘီရောဂါလက္ခဏာများ ခံစားရပါက တီဘီရောဂါ ရှိ၊မရှိ စောစောဆန်းစစ်မှု ခံယူသင့်ပါသည်။

(၂) တီဘီရောဂါဖြစ်နိုင်ခြေ ပိုများသောသူဖြစ်ပါက တီဘီရောဂါကို ကြိုတင်ကာကွယ်ကုသရန် ရောဂါပိုးစစ်ဆေးမှုကို အချိန်မီခံယူသင့်ပါသည်။

(၃) အရည်အသွေးပြည့် တီဘီကျန်းမာရေးစောင့်ရှောက်မှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနများနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ မိတ်ဖက်ဆေးခန်းများတွင် ရယူနိုင်ပါသည်။

တီဘီရောဂါပိုးသည် လူတစ်ဦးနှင့်တစ်ဦးထံ လေမှတစ်ဆင့်ကူးစက်နိုင်ပါသည်။ အဆုတ်တီဘီ ဖြစ်နေသည့်လူနာ ချောင်းဆိုးခြင်း၊ နှာချေခြင်းပြုလုပ်လိုက်ခြင်းကြောင့် တီဘီရောဂါပိုးများ လေထဲတွင် ပျံ့နှံ့ရောက်ရှိကာ အခြားလူများက ထိုလေကိုရှူရှိုက်လိုက်ခြင်းဖြင့်လည်း ရောဂါပိုးကူးစက်ဝင်ရောက်နိုင်ပါသည်။ တံတွေးထွေးသည့် အခါမျိုးတွင် သလိပ်ထဲ တီဘီရောဂါပိုးများပါလာပြီး သလိပ်များခြောက်သွားသည့်အခါ ဖုန်များနှင့်အတူ တီဘီရောဂါပိုးများသည် လေထဲပျံ့သွားနိုင်ပါသည်။ ထိုလေများကို ရှူရှိုက်မိလိုက်ခြင်းဖြင့် တီဘီရောဂါပိုး ကူးစက်ဝင်ရောက်နိုင်သော်လည်း မိမိတွင် ထိုရောဂါပိုးကို တိုက်ထုတ်နိုင်သည့် ကိုယ်ခံအားရှိနေသရွေ့ တီဘီရောဂါပိုးကူးစက်ခြင်းများ မဖြစ်ပေါ်နိုင်ပါ။ ရောဂါပိုးကူးစက်သည့်အခါ ရောဂါလက္ခဏာမပြဘဲ ငုပ်နေတတ်ပြီး ၎င်းရောဂါပိုးငုပ်နေသူ ဆယ်ဦးတွင်တစ်ဦးသာ အဆုတ်နာရောဂါ ဖြစ်ပွားသည့်အဆင့်သို့ ရောက်ရှိနိုင်ပါသည်။ အကယ်၍ ရောဂါကူးစက်ခံနေရသည်ကို ဆေးမကုသဘဲနေမည်ဆိုပါက ပုံမှန်ဆေးကုသမှုခံယူနေသည့် တီဘီလူနာရှင်ထက် သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပါသည်။ ထို့ကြောင့် ကူးစက်ခံရသည်ဟု သံသယရှိပါက ဆောလျင်စွာကုသခြင်းကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ဆေးယဉ်ပါး တီဘီဖြစ်ပေါ်လာရသည့် အကြောင်းအရင်းသည် တီဘီရောဂါအတွက် သောက်ရန်ညွှန်ကြားထားသည့် ဆေးဝါးများကို စနစ်တကျ အချိန်မှန်/ပုံမှန် မသောက်သုံးခြင်း၊ သတ်မှတ်ကာလပြည့်အောင် ဆေးကုသမှုမခံယူခြင်း၊ မိမိသဘောနှင့်မိမိ ဆေးသောက်ရပ်ခြင်းတို့မှ တစ်ဆင့် ဆေးယဉ်ပါးတီဘီ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဆေးယဉ်ပါးတီဘီရောဂါပိုးရှိသူထံမှ တိုက်ရိုက် ကူးစက်ခံရခြင်းကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ ဆေးယဉ်ပါးတီဘီအဆင့် ရောက်ရှိသွားမည်ဆိုပါက လက်ရှိကုသနေသည့် ဆေးများကို တီဘီပိုးက ယဉ်သွားသည့်အတွက် ကုထုံးလည်းပြောင်းပေးရမည် ဖြစ်ပါသည်။ ဆေးယဉ်ပါးတီဘီရောဂါ၏ လက္ခဏာများသည် ရိုးရိုးတီဘီရောဂါ၏ လက္ခဏာများနှင့် ဆင်တူပါသည်။ ထို့ကြောင့် ဆေးယဉ်ပါးခြင်းရှိမရှိကို စစ်ဆေးမှုများ ထပ်မံပြုလုပ်ပေးရမည်ဖြစ်ပါသည်။ ဆေးယဉ်ပါးတီဘီရောဂါကို မကုသဘဲထားမည်ဆိုပါက နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် တီဘီရောဂါပိုးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်စေပါသည်။ မိမိထံမှတစ်ဆင့် အခြားသူများထံသို့ ကူးစက်သွားမည်ဆိုပါကလည်း ထိုသူများထံတွင်လည်း ဆေးယဉ်ပါးတီဘီ ဖြစ်စေနိုင်ပါသည်။ ဤကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေးအတွက် တီဘီဆေးများကို နေ့စဉ်အချိန်မှန်မှန်နှင့် ဆေးပတ်လည်အောင် သောက်ပေးရမည်ဖြစ်ပါသည်။ တီဘီဆေး၏ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါကလည်း မိမိသဘောနှင့်မိမိ ဆေးသောက် ရပ်လိုက်ခြင်းမျိုးမပြုလုပ်ဘဲ ဆရာဝန်/ ကျန်းမာရေးစောင့်ရှောက်သူများနှင့် အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ကြောင်း အကြံပြုချင်ပါသည်။

ကလေးများနှင့် တီဘီရောဂါအန္တရာယ်

ကမ္ဘာပေါ်တွင် တီဘီရောဂါဖြစ်ပွားနေသူများထဲမှ ၁၀ ရာခိုင်နှုန်းသည် ကလေးများဖြစ်ပါသည်။ အသက်ငါးနှစ်အောက်ကလေးများသည် လူကြီးများထက် ဖြစ်ပွားရန်လွယ်ကူပြီး ရောဂါလည်းပိုပြီး ပြင်းထန်နိုင်ပါသည်။ ဥပမာ - ဦးနှောက်အမြှေးရောင်ခြင်း၊ အဆုတ်နှစ်ဖက်စလုံး လျင်မြန်စွာ တီဘီပိုးပျံ့နှံ့ခြင်းများဖြစ်ပေါ်တတ်ပြီး အချိန်မီမကုသပါက နောက်ဆက်တွဲအနေဖြင့် ဦးနှောက်နှင့် အာရုံကြောပုံမှန်မဖွံ့ဖြိုးခြင်းနှင့် အသက်ဆုံးရှုံးခြင်းများအထိပင် ဖြစ်နိုင်ပါသည်။ ကလေးငယ်များ မွေးပြီးခါစမှ စတင်ထိုးနှံသော တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်တွင်ပါဝင်သော BCG ကာကွယ်ဆေးသည် ကလေးငယ်များတွင် အထက်ပါကဲ့သို့ ပြင်းထန်သော တီဘီရောဂါများမဖြစ်အောင် ကာကွယ်မှုပေးသည့်အတွက် ထိုကဲ့သို့သော ကာကွယ်ဆေးများကိုလည်း မွေးဖွားပြီးချိန်မှစ၍ ပုံမှန်ထိုးပေးရမည်ဖြစ်ပါသည်။

နေရာဒေသမရွေး ဆေးယဉ်ပါးတီဘီ ကာလတိုကုသပေး

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သမားရိုးကျ (၁၈ လမှ လ ၂၀ ကြာ) ကုသရသော ဆေးယဉ်ပါးတီဘီကို ယခုအခါ ဆေးတိုးတီဘီကဲ့သို့ ကာလတို(ခြောက်လ)ကုထုံးဖြင့် မည်သည့်မြို့နယ်တွင် နေထိုင်သည်ဖြစ်စေ ကုသနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ဆေးယဉ်ပါးတီဘီကုသရန် မဖြစ်မနေ ဆေးရုံတက်ရန်မလိုအပ်ပါ။ ထိုးဆေးမပါ၊ ကာလတို ဆေးယဉ်ပါးတီဘီကုထုံးဖြင့် ဆေးကုသမှုခံယူလျက် နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ပါသည်။ အခမဲ့ ဆေးယဉ်ပါး တီဘီစစ်ဆေးခြင်း၊ ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ကုသမှုဆိုင်ရာအထောက်အပံ့များကို လူနာတိုင်းရရှိနိုင်ပါသည်။

အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO) အနေဖြင့်လည်း "Local Action Towards TB-Free Myanmar" “တီဘီကင်းစင် မြန်ပြည်တစ်ခွင်ရှေးရှုနိုင်ဖို့ ကြိုးစားစို့” စီမံချက်ဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ တီဘီဝေဒနာရှင်များကို ကျန်းမာရေးစောင့်ရှောက်မှုများအပြင် ယခုနှစ်ကျရောက်မည့် "World Tuberculosis Day " “ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ် တီဘီရောဂါတိုက်ဖျက်မှုများတွင် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်နေကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တီဘီချန်ပီယံများ (TB Champions)မှ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရေး၊ တီဘီရောဂါနှင့် ပတ်သက်သောအသိပညာများ ပိုမိုရရှိလာစေရေးနှင့် တီဘီရောဂါဝေဒနာရှင်များနှင့် မိသားစုအပေါ် ပတ်ဝန်းကျင်မှခွဲခြားဆက်ဆံမှုများပပျောက်စေရေး ရည်ရွယ်ကာ အသိပညာပေး သတင်းစကားများမျှဝေခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

တီဘီကင်းစင် မြန်ပြည်တစ်ခွင် နေထိုင်မှုဂရုပြု

တီဘီ၊ တုပ်‌‌ကွေးနှင့် ကိုဗစ်-၁၉ ကဲ့သို့သော အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါပိုးများသည် နှာချေ၊ ချောင်းဆိုးသည့်အခါ ရောဂါရှိသူထံမှ ရောဂါပိုးများ အမြောက်အမြား ထွက်လာပြီး အခြားသူကို ကူးစက်ခြင်းဖြစ်ပွားနိုင်ပါသည်။ တီဘီရောဂါရှင်ဖြစ်စေ၊ လူနာမဟုတ်သူဖြစ်စေ နှာစေး၊ ချောင်းဆိုးနေပါက ခွဲစိတ်ခန်းသုံး(Surgical Mask) ပါးစပ်၊ နှာခေါင်းစည်းကို အမြဲဝတ်ဆင်ထားရန်အတွက် လိုအပ်ပါသည်။ ပါးစပ်၊ နှာခေါင်းစည်း အလွယ်တကူမရရှိနိုင်ချိန်တွင် နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်ရှူး သို့မဟုတ် အဝတ်များဖြင့် ဖုံးအုပ်ခြင်းကို ပြုလုပ်သင့်ပါသည်။ ထို့ပြင် အသုံးပြုပြီးသည့် တစ်ရှူးများကို စနစ်တကျစွန့်ပစ်ခြင်း၊ တစ်ရှူး သို့မဟုတ် လက်ကိုင်ပဝါ မပါလျှင် တံတောင်ဆစ်ကွေးဖြင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းများကို ပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် လက်ဖဝါးအလွတ်ဖြင့် အုပ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါသည်။

နိဂုံးချုပ်အနေဖြင့် တီဘီရောဂါပပျောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း(NGO)များမှ ထုတ်ပြန်ထားသည့် တီဘီရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို လိုက်နာပြီး “တီဘီရောဂါ ကင်းစင်ဖို့ လူသားအားလုံးပူးပေါင်းပါဝင်စို့” ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံအတွင်း တီဘီရောဂါဝေဒနာရှင်များ လျော့နည်းပပျောက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ မိမိပတ်ဝန်းကျင်၊ မိမိ၏မိသားစုအတွင်း တီဘီရောဂါမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါကလည်း ဆောလျင်စွာ ကုသနိုင်ရေးတို့ကို တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသင့်ပါသည်။ သို့မှသာ ကမ္ဘာ့နိုင်ငံသားများအားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် တီဘီရောဂါ ပပျောက်နိုင်မည်ဖြစ်ပါကြောင်း ကမ္ဘာ့တီဘီရောဂါနေ့ (World Tuberculosis Day) အထိမ်းအမှတ်အဖြစ် ရေးသားဖော်ပြလိုက်ရပါသည်။

ကိုးကား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)