ဌာနဆိုင်ရာများသိသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ စလင်းမြို့နယ်၌ ဆွေးနွေးဟောပြော

စလင်း  ၂၇  ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စားသုံးသူရေးရာဉီးစီးဌာနနှင့် စိုက်ပျိုးရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ဌာနဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

‌ေ

 

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှူး ဉီးမြင့်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ ဉီးစီးဌာနမှူး ဉီးဆန်းလင်းမောင်မှ မိမိဌာန၏ လုပ်ငန်းတာဝန်များနှင့် စားသုံးသူ၏အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၊ စားသုံးသူရေးရာ ကော်မတီတို့နှင့် ဆက်သွယ်ဆောင်ရွက်ရန် နည်းလမ်းများ၊ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူဆောင်ရွက်ပုံ နည်းလမ်းအဆင့်ဆင့်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်သူများက သိရှိလိုသည့် ဆွေးနွေးတင်ပြချက်များကို မြို့နယ်စားသုံးသူရေးရာဉီးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ စလင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနရုံးမှ နယ်မြေကွင်းဆင်းဝန်ထမ်း ၂၈ ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးမိုးသူ(စလင်း)