ဌာနဆိုင်ရာအချို့၏ အလွဲသုံးစားမှုများအား ကြီးကြပ်ဆောင်ရွက်ရန်တိုက်တွန်း

မန္တလေး ၆  ဧပြီ 

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအချို့တွင် ဘတ်ဂျက်ငွေပိုတောင်းခံမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် စားရင်းစစ်ချုပ်အစီရင်ခံစာအတိုင်း အလေးအနက်ထားပြီး ကြီးကြပ်ဆောင်ရွက်ပေးရန် တောင်သာမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်က တိုက်တွန်းခဲ့သည်။

 

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင်  မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်က တင်သွင်းသည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးမှုတွင် ပြောခဲ့ခြင်းဖြစ်သည်။

 

‘မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် အပိုဒ် ၃၂ ပါ စာရင်းစစ်ချုပ်အစီရင် ခံစာအတိုင်း အလေးအနက်ထား ကြီးကြပ်ဆောင်ရွက်ရန် တိုက်တွန်းလိုပါတယ်။ စာမျက်နှာ ၂၀ မှာ ဌာနဆိုင်ရာ အချို့၏ စီမံခန့်ခွဲလွဲချော်မှုများကို တွေ့ရှိရပါတယ်’ဟု ဦးဝိုင်းချစ်အောင်က ပြောသည်။

 

စည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့် မညီခြင်းအတွက် ငွေကျပ် ၂၈ ဒသမ ၁၈၂ သန်း ၊ ရငွေ လျော့နည်းပေးသွင်းခြင်းတွင် ၄၀ဒသမ၇၆၁ သန်း ၊ မျက်မြင်တိုင်းတာမှုအရ လျော့နည်းခြင်း ၇၉ဒသမ၆၇၃ သန်း ၊ အလွဲသုံးစားပြုခြင်း ၃၁ဒသမ၆၈၉ သန်း ၊ ပေးချေသင့်သည် ထက်ပိုမို ပေးချေခြင်းတွင် ၉၃ဒသမ၂၅၈ သန်း စုစုပေါင်း ၃၂၅ဒသမ၈၉၄ သန်း နိုင်ငံတော်ကို ပြန်လည် ပေးသွင်းမှုရှိခဲ့ကြောင်း သိရသည်။ ယခုလို စီမံခန့်ခွဲမှုလွဲချောမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အနေဖြင့် တိတိကျကျ ကြတ်မတ် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။

 

အိမို့မို့ခိုင်