တောရိုင်းတိရစ္ဆာန်နှင့် ၎င်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မန္တလေး   ၁၈    စက်တင်ဘာ 


တောရိုင်းတိရစ္ဆာန်နှင့် ၎င်းတို့၏အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အသိပညာ ပေးဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀x၃၁လမ်းကြား၊ ၆၆လမ်းရှိ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန် ခန်းမတွင် ကျင်းပခဲ့သည်။ 


အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် စိန်လွင်က အဖွင့်အမှာစကား ပြောကြားပြီး သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းမြင့်အောင်က သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တောရိုင်းတိရစ္ဆာန် မှုခင်းအမျိုးအစားများ၊ ဥပဒေအရ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် တောရိုင်းတိရစ္ဆာန် အမျိုးအစားများ၊ အများဆုံး တွေ့ရှိရသော တောရိုင်းတိရစ္ဆာန်မှုခင်းများနှင့် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများ၊ ၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များ၊ နိုင်ငံဖြတ်ကျော် တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(United Nation Office on Drugs and Crime- UNODC) ၏ သုံးသပ်ချက်၊ လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဆွေးနွေးချက်များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်နှင့်  ပုပ္ပါးတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဆွေတို့က သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


အောင်စံမောင်