တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ရေလှောင်တမံမှ နွေစပါး ဧက ၉၀၀၀ အတွက် စိုက်ပျိုးရေ ပေးဝေသွားမည်

တောင်တွင်းကြီး   ဇန်နဝါရီ   ၂၁

 

မကွေးကိုင်းတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ရေလှောင်တမံမှ နွေစပါး ဧက ၉၀၀၀ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စတင် ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် တည်ဆောက်ရေး လုပ်ငန်းဌာနတို့မှ ထိန်းသိမ်းထားသည့် ရေလှောင်တမံ၏ ဆည်ရေသောက်စနစ်ရှိ ရေပေးမြောင်းများ၊ ရေပေးမြောင်း အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မိုးစပါး ရေပေးဝေရာသီ ပြီးဆုံးချိန် ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ နွေစပါး ရေစတင် ပေးဝေမည့် ဖေဖော်ဝါရီလ ပထမပတ်အထိ ရေဖြတ်ကာလ သတ်မှတ်ထားပြီး ယင်းကာလအတွင်း ပြင်ဆင်မွမ်းမံခြင်း၊ မြောင်းစစ်လမ်း၊ မြောင်းပေါင်များ ပြုပြင်ခြင်း၊ နွေစပါး ရေပေးဝေနိုင် မည့်ဧက စိစစ်အတည်ပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တောင်တွင်းကြီးမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မိုးရေကို မှီခိုအားထားစိုက်ပျိုးကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ စိုက်ပျိုးထုတ်ကုန်များ တိုးတက်ရေးအတွက် အထောက်အကူပြုစေရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မြစ်ချောင်းများ၊ ဆည်များ၊ တာတမံများ၊ မြေအောက်ရေ ဖော်ထုတ်ရေး စီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဒေသခံ တောင်သူလယ်သမားများ နွေစပါးအောင်ရေ အပြည့်အဝရရှိစေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်းအလိုက် ရေပေးဝေရေး လုပ်ငန်းများကို စနစ်တကျ လိုက်လံစစ်ဆေးခြင်း၊ ဆည်ရေအသုံးချရေးအဖွဲ့များ ဖွဲ့စည်းကာ ရေလိုအပ်သည့် မြောင်းလက်တံများတွင် ရေလှည့်စနစ်များပြုလုပ်၍ ရေပေးဝေခြင်းတို့ဖြင့် စားနပ်ရိက္ခာ ဖူလုံရေး၊ တောင်သူများ၏ လူမှုဘဝ အကျိုးစီးပွားများ ဖွံဖြိုးတိုးတက်ရေး လိုအပ်ချက်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)