တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတစ်ခု အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်တွင် အဆိုတင်၍ စတင်ဆွေးနွေး

နေပြည်တော် ၂၉ မေ

 

တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတစ်ခုကို  အကောင်အထည်ဖော်ခြင်းအပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် စားနပ်ရိက္ခာ ဖူလုံမှု၊ လုံခြုံမှုဆိုင်ရာ ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် အဆိုအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ရာ ယနေ့တွင် အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးကြောင်းသိရသည်။

 

မေ ၁၆ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် အဆိုတင်သွင်းခဲ့ခြင်းသည်။

 

ဦးလှဆန်းက တောင်သူများ၏ စွမ်းဆောင်ရည် ကိုမြှင့်တင်ခြင်း၊ တောင်သူများနှင့် ဌာနဆိုင်ရာများအကြား ကောင်းမွန်ပွင့်လင်းသော ဆက်ဆံမှုများနှင့် လုပ်ငန်းများကို တိုးတက်စေခြင်း အပါအဝင် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာဈေးကွက် တို့ဟန်ချက်ညီညီ တိုးတက်စေခြင်းမှတစ်ဆင့် ပိုမိုကောင်းမွန်သော မူဝါဒများ၊ လုပ်ငန်းအစီအစဉ်များကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ပူးပေါင်းချမှတ်လာနိုင်စေရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်ရန်လည်း ရည်ရွယ်ပါကြောင်း။

 

ထို့ပြင် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ထွက်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်ဝင်အရည်အသွေး ရရှိရန်အတွက် ချိန်ညှိထုတ်လုပ်နိုင်ရေး၊ အသိပညာ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်သင့်ပြီး နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ထိုးဖောက်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အစိုးရ၊ တောင်သူနှင့် ကုန်သည်လုပ်ငန်းရှင်များ ဟန်ချက်ညီညီ အပြန်အလှန် ဆက်သွယ်ပူးပေါင်းနိုင်ရေးအတွက် စီမံလုပ်ဆောင်သင့်ပါကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ရေမြေအစရှိသည့် အရင်းအမြစ်များနှင့် ၇၀ ရာခိုင်နှုန်းသော စိုက်ပျိုး၊ မွေးမြူရေးလုပ်ကိုင်သူ လူ့စွမ်းအား အရင်းအမြစ်များကို စနစ်တကျ စီမံအသုံးချသင့် ပါကြောင်း။

 

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်အရ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ဖွံ့ဖြိုးမှု အစီအစဉ်သည် မျက်မှောက်ကာလအတွက် ကမ္ဘာ့နိုင်ငံအများစု၏ လိုလားချက်ဖြစ်သော နည်းပညာ အခြေခံဖွံ့ဖြိုးမှုကိုလည်း ရယူရမည် ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ကျင့်သုံးခဲ့သည့် ရိုးရာအခြေခံ နည်းစနစ်များကိုလည်း မပစ်ပယ်ဘဲ အကျိုးရှိရှိ သိပ္ပံနည်းကျ နည်းပညာအရင်းအမြစ်အဖြစ် ပြောင်းလဲအသုံးပြုရန် မခက်ခဲပါက အသုံးပြုပြီး လိုအပ်သည့် ဖွံ့ဖြိုးမှုစွမ်းအားကို တည်ဆောက်ဖန်တီးနိုင်ကြမည် ဖြစ်ပါကြောင်း တင်သွင်းပြောကြားခဲ့သည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး အမည်စာရင်း တင်သွင်းထားပြီး ယနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက စတင်ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။   

                                                                                  

အောင်ရဲသွင်