တောင်သူများ သီးနှံအထွက်နှုန်းတိုးပွားရေး သဘာဝမြေဆွေး ပြုလုပ်နည်း လက်တွေ့သရုပ်ပြ

ညောင်ဦး  ၈   မတ်  

 

တောင်သူများ သီးနှံအထွက်နှုန်းတိုးပွားရေး သဘာဝမြေဆွေး(ဘိုကာရှီ)ပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကူရွာကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

ထိုသို့ သဘာဝမြေဆွေး(ဘိုကာရှီ)ပြုလုပ်နည်း လက်တွေ့သရုပ်ပြရာတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်စန်းဝေက ဓာတုနည်းပညာဖြင့် ထုတ်လုပ်သည့် မြေဆီမြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေများ၊ သီးနှံများတွင် ပြည်သူများဘေးအန္တရာယ် ဖြစ်စေမည့် ဓာတုဓာတ်ကြွင်း အာနိသင်ပါဝင်မှု အခြေအနေများ၊ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် လိုက်နာရမည့် အခြေခံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)နည်းစနစ်များ၊ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ရှိသင့်သည့် မြေဆီလွှာ အာဟာရဓာတ်ဆိုင်ရာ သိကောင်းစရာများနှင့် စွန့်ပစ်ပစ္စည်းများအသုံးပြု၍ သဘာဝမြေဆွေး(ဘိုကာရှီ) ပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာကောင်းမွန်အောင် ထိန်းသိမ်းနိုင်မှုနည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့သည်။

 

88

 

ထို့နောက် ခရိုင်မြေအသုံးချရေးတာဝန်ခံနှင့် ဝန်ထမ်းများက ညောင်ဦးမြို့နယ် ကူရွာကျေးရွာရှိ တောင်သူဦးဝင်းညွန့်၏ လယ်ယာမြေတွင် နှမ်းရိုးခြောက်များ၊ စွန့်ပစ်သစ်ရွက်အမှိုက်များနှင့် နွားချေးများကို အသုံးပြု၍ သဘာဝမြေဆွေး ပြုလုပ်နည်းအား လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများအား သဘာဝမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်နှင့် သုံးစွဲပုံနည်းစနစ်များ၊ မြေဆီလွှာထိန်းသိမ်းရေး လိုက်နာရန်နည်းလမ်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)