တောင်သူလယ်သမားနေ့ ဂုဏ်ပြုလမ်းလျှောက်မှုနှင့်အတူ တောင်သူလယ်သမားများ၏ ပီတိစကားသံများ

ရန်ကုန် ၂ မတ်

မတ်လ နှစ်ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်သူ လယ်သမားများနှင့် အလုပ်သမား လေးထောင်ခန့်သည် ယနေ့နံနက်ပိုင်းက အခမ်းအနား ကျင်းပမည့် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၂) ဘောလုံးကွင်းသို့ လမ်းလျှောက် ချီတက်ခဲ့ကြသည်။

နံနက် ၇ နာရီခန့်မှ စတင်ကာ လှိုင်သာယာမြို့နယ်၊ နဝဒေး ကားမှတ်တိုင် အနီး၌ နယ်မြေဒေသ အသီးသီးမှ တောင်သူလယ်သမားများနှင့် အလုပ်သမားများ စတင်စုဝေး ရောက်ရှိခဲ့ကြပြီး နံနက် ၈ နာရီတွင် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပမည့် နေရာသို့ ကြွေးကြော်သံများဖြင့် လမ်းလျှောက် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရာတွင် ဖျော်ဖြေရေး အစီအစဉ်များအပြင် လယ်ယာသုံး စက်ကိရိယာများနှင့် အထောက်အကူပြု ပစ္စည်း၊ စိုက်ပျိုးရေးသုံး ရွက်ဖြန်းဆေး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ ပြခန်း စသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပြခန်းများနှင့် ဒေသထွက်ကုန်များ ရောင်းချသည့် ဆိုင်ခန်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိရာ တက်ရောက်လာကြသည့် တောင်သူလယ်သမားများက စိတ်ဝင်တစားဖြင့် ကြည့်ရှုလေ့လာ အားပေးကြသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ ကဏ္ဍအလိုက် အဖွဲ့ချုပ်တခုဖြစ်သော မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM) က (ပထမဆုံးအကြိမ်အဖြစ်) ဦးဆောင်ကျင်းပခြင်းဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ နယ်မြေဒေသ အသီးသီးမှ တက်ရောက်လာကြသည့် တောင်သူလယ်သမားများ၏ အမြင်များကို ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

 

 

တောင်သူ ဆလိုင်းကာလက် (တောင်တွင်းကြီးမြို့နယ်၊ သဲဖြူကျေးရွာ)

တောင်သူလယ်သမားနေ့ဆိုတော့ တောင်သူနဲ့ဆိုင်တဲ့ အသိအမြင်တွေရအောင် လာခဲ့တာပါ။

ဒီရောက်လာတော့ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရပါတယ်။ ကျွန်တော်တို့ တောင်သူတွေအတွက် အားရစရာပါပဲ။ တောင်သူတွေရဲ့ အားနည်းချက်တွေကို ဒီပွဲကနေ ရခဲ့တဲ့ စိုက်ပျိုးမှု နည်းပညာတွေကို အသုံးချပြီး အားသာချက်အဖြစ် ပြောင်းလဲသွားနိုင် လိမ့်မယ်လို့မြင်ပါတယ်။ လာမယ့်ရှေ့ရေးအတွက် အားတက်စရာပါပဲ။

 

 

တောင်သူ ဦးလှဝင်း (သထုံမြို့နယ် ၊ ကျပန်းကျေးရွာ)

ဒီလို အထိမ်းအမှတ်ပွဲတွေ အများကြီး လုပ်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လယ်ယာမြေကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီလိုပွဲတွေအများကြီး လိုအပ်ပါတယ်။ ဒီပွဲကနေ စိုက်ပျိုးနဲ့ ပတ်သက်တဲ့ အသိပညာတွေ အများကြီးရပါတယ်။ တောင်သူလယ် သမားတွေရဲ့အသံ၊ ရင်တွင်းခံစားချက်တွေကို ဒီနေရာကနေ ဖော်ထုတ်ခွင့် ရသလို ခံစားရပါတယ်။ အခုကျွန်တော်တို့ နိုင်ငံရဲ့ လယ်သမား ထုအနေနဲ့  သွေးစည်းညီညွှတ်မှုဟာ အားနည်းနေသေးတယ်လို့ မြင်ပါတယ်။ ဒီလိုပွဲတွေကို များများလုပ်ပေးခြင်း အားဖြင့် တောင်သူလယ်သမားတွေ သွေးစည်းညွှတ်မှု ပိုမိုအားကောင်းလာပြီး စိုက်ပျိုးမှု စွမ်းအား တိုးတက်မြင့်မား လာမယ့်အပြင်နိုင်ငံတော်အတွက်လည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူး တွေရရှိလာနိုင်မှာ ဖြစ်ပါတယ်။ လယ်ဟာမြေ ကဏ္ဍလည်း ဒီထက်တိုးတက်ဖွံ့ဖြိုး လာမယ်လို့ထင်ပါတယ်။

 

 

လယ်သမား ဦးဌေးလွင်(လှည်းကူးမြို့နယ် ကလီထော်ကျေးရွာအုပ်စု နှုတ်ခမ်းမွှေးသိုက်ကျေးရွာ)

ဒီလိုပွဲတွေမကျင်းပတာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့တောင်သူ လယ်သမားတွေရဲ့ ကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့အတွက် လယ်သမားတွေရဲ့ အကျိုးစီးပွားကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲဆိုတဲ့ အပေါ် အသိအမြင်တွေရရှိဖို့ အခုလိုလာရောက် ခဲ့ခြင်းပဲဖြစ်ပါတယ်။ AFFM အနေနဲ့ လယ်ယာမြေ ဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ရေး လုပ်နေတယ်။ စိုက်ပျိုးရေး နည်းပညာတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတယ် ဒါတွေကို တောင်သူ လယ်သမားတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရအောင်လာခဲ့တာပါ။ ဒီကိုရောက်တဲ့အခါမှာ ပြခန်းတွေ ကြည့်ရတယ် အဲဒီကနေ အသိပညာတွေ အများကြီး ရပါတယ်။ ရရှိတဲ့ အသိပညာတွေကို လက်တွေ့လုပ်ဆောင်တဲ့ နေရာမှာ အသုံးချတက်ရင် အများကြီး အကျိုးရှိမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီး အထောက်အကူပြုပါတယ်။ နိုင်ငံအတွက်လည်း အကျိုးရှိမှာဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ လုပ်နေတဲ့ စီမံကိန်းတွေမှာ လည်း တောင်သူလယ်သမား သမဂ္ဂတွေအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် ရစေချင်ပါတယ်။

 

 

တောင်သူ ဒေါ်ခင်လေးဖြူ (ရှမ်းပြည်တောင်ပိုင်း၊ ရွာငန် မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု)

ဒီလိုပွဲတွေ လုပ်ခြင်းအားဖြင့် တောင်သူလယ် သမားတွေရဲ့ စိတ်ဓာတ်ကိုမြှင့် တင်ပေး လိုက်သလိုပါပဲ။ အနယ်နယ် အရပ်ရပ်က တောင်သူလယ်သမားတွေကို တစ်စုတစ်ဝေးတည်း တွေ့ရတဲ့အတွက် အချင်းချင်း စကားတွေ ပြောဖြစ်ကြတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့  အသိပညာ၊ ဗဟုသုတတွေ အများကြီးရခဲ့ပါတယ်။ ကိုယ်သိရှိခဲ့တာတွေကို ကိုယ့်ရဲ့ ဘဝတူ တောင်သူလယ်သမား တွေထံ ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ နောင်နှစ်တွေမှာ အခုလို ပွဲတွေလုပ်ခဲ့ရင်လည်း ရှမ်းပြည်နယ်က ထွက်တဲ့ ဒေသထွက် သီးနှံတွေကို ပြပွဲလေးတွေ လုပ်ရင်း ရောင်းချသွားချင်ပါတယ်။

 

 

ဦးတာနော(ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မင်းဇီဂတ်တဲကျေးရွာ)

ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့ ဘဝတိုးတက်ရေးနဲ့ လာရောက်ခဲ့တာပါ။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာ ခေတ်ကို အကောင်းဆုံးဆောင်ရွက်နိုင်အောင် တဆင့်ပြီးတဆင့် လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော့ရဲ့ ဦးတည်ချက်ကတော့ တောင်သူလယ်သမား ဘဝတွေတိုးတက်ဖို့ပါပဲ။ အခုဒီလိုပွဲတွေ ကျင်းပခြင်းအားဖြင့် တောင်သူလယ်သမားတွေ တစ်ဦးနဲ့တစ်ဦး ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာမယ်၊ စိုက်ပျိုးမှု နည်းစနစ်တွေနဲ့ ပတ်သက်ရင်လည်း ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေရရှိ လာမှာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးရေးနည်းပညာတွေ၊ စိုက်ပျိုးမှု နည်းစနစ်တွေကို ဒီထက်ပိုပြီး လေ့လာသင့်ပါတယ်။

 

 

ဦးသန်းဆွေ (မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(AFFM) ဥက္ကဋ္ဌ)

ကျွန်တော်ကတော့ ဥပဒေသမားဆိုတော့ လယ်ယာမြေ ဥပဒေကို ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ လယ်ယာမြေဥပဒေရဲ့ အားနည်းချက်တွေကို ပြည့်စုံကောင်းမွန်သွားအောင် လုပ်ဆောင်နေပါတယ်။ ဒီပွဲကို ကျင်းပရတာကတော့ အစိုးရနဲ့ လွှတ်တော်က လယ်သမားတွေရဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး မသိသေးတဲ့ အချက်တွေ ကိုသိသွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ကျွန်တော်တို့ နိုင်ငံမှာ လယ်ယာထုတ်ကုန် တိုးတက်လာပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လယ်ယာမြေဖွံ့ဖြိုးမှုဖြစ်ဖို့ အရေးကြီးပါတယ်။

တွေ့ဆုံမေးမြန်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်