တောင်သာမြို့နယ်တွင် ဆိုင်ကယ်(၂၉)စီး၊ ဖုန်း(၁၁)လုံး ခိုးယူသူများအား ဖမ်းဆီးအရေးယူ

နေပြည်တော် ၂၈ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ဆိုင်ကယ်မျိုးစုံ (၂၉)စီး၊ ဖုန်း(၁၁)လုံးခိုးယူ ရောင်းချထားသူ(၂)ဦးအား ဇွန် ၁၃ ရက်က ဖမ်းဆီးရမိ အရေးယူထားကြောင်း သိရသည်။

တောင်သာမြို့၊ အမှတ်(၆)ရပ်ကွက်နေ ဦးကျော်မြင့်ဦး၏ K ဟိန်း(၁)ဆိုင်ကယ် အရောင်းဆိုင်မှ ဇွန် ၁၁ ရက်တွင်  DAYANG 110 ဆိုင်ကယ်အသစ်(၂)စီး ပျောက်ဆုံးမှုနှင့် ဒေါ်ကြည်ကြည်ပြုံး၏ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ်မှ ဇွန် ၁၃ ရက်တွင် ဆိုင်ကယ်(၁)စီး၊ ဖုန်းမျိုးစုံ(၁၀)လုံး၊ ငွေကျပ် ၇၀ဝ၀ဝ ပျောက်ဆုံးမှုတို့ကို တောင်သာမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

အမှုစစ်အဖွဲ့သည် အခင်းဖြစ်ရပ်ပတ်ဝန်းကျင်ရှိ CCTV မှတစ်ဆင့် စိစစ်ခဲ့ရာပြစ်မှုကျူးလွန် သူမှာပျဉ်းမနားမြို့၊ မြို့ဦးရပ်ကွက်နေ အောင်နိုင်ဦး(ခ)မိုးမိုး(ခ)မိုးအောင် (ဖ)ဦးလှဦး ဖြစ်ကြောင်း၊ ၎င်းမှာတောင်သာမြို့သို့ မကြာခဏလာရောက်လေ့ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိရေး ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဇွန် ၁၃ ရက်က ပျဉ်းမနားမြို့၊ မြို့ဦးရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ပြီးပြစ်မှုကျူးလွန်ရာတွင် အတူပူးပေါင်းပါဝင်လေ့ရှိသူ တစ်ရပ်ကွက်တည်း နေ လွှမ်းမိုးအောင်(ခ)လွှမ်းမိုး (ဖ)ဦးရဲထွန်းအောင်တို့အား ဖမ်းဆီးရမိခဲ့သည်။ 

စစ်ဆေးချက်အရ ၎င်းတို့မှာ ၂၀၁၉ ခုနှစ်အတွင်း တောင်သာမြို့နယ်မှ ဆိုင်ကယ်(၇)စီးနှင့် ဖုန်း(၁၁)လုံး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ဆိုင်ကယ်(၂)စီး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရမည်းသင်းမြို့နယ်မှ (၆)စီး၊ ပျော်ဘွယ်မြို့နယ်မှ (၁)စီး၊ သာစည်မြို့နယ်မှ (၁)စီး၊ မလှိုင်မြို့နယ်မှ (၁)စီး၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှ (၉)စီး၊ ကလောမြို့နယ်မှ (၁)စီး၊ ရွှေညောင်မြို့နယ်မှ (၁)စီး၊ စုစုပေါင်းဆိုင်ကယ်(၂၉)စီး၊ ဖုန်း(၁၁)လုံးတို့အား ခိုးယူရောင်းချခဲ့ကြောင်း သိရှိရ၍ သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်လျက်ရှိကြောင်းနှင့် သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်