တောင်သာမြို့နယ်၌ အောက်စီဂျင်စက်ရုံတည်ဆောက်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

တောင်သာ ဩဂုတ်    ၁၃

တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူဖြစ်စေမည့် အောက်စီဂျင်စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီအဖွဲ့တို့ ဦးဆောင်မှုဖြင့် ဇူလိုင် ၂၉ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၃ ရက်အထိ အလှူရှင်များ၏ ထည့်ဝင်ငွေကျပ် သိန်း ၁၃၅၀ ဖြင့် စတင်ဆောက်လုပ်ခဲ့ရာ အောက်စီဂျင်စက်ရုံ တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အောက်စီဂျင်စက်ရုံပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာဆံ့ အိုးအလုံး ၈၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အရန်အိုးအလုံး ၂၀၀ ခန့်ထားရှိကြောင်းနှင့် မြို့နယ်အတွင်း အရေးပေါ်လူနာများနှင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသူများအတွက် လိုအပ်သည့် အောက်စီဂျင်များကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံမှ ထွက်ရှိသော အောက်စီဂျင်အိုးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ အများပြည်သူများသို့ အခမဲ့ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)