တောင်ပံကစားသမား ရန်နိုင်ဦးကို ရန်ကုန်အသင်း နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ

နေပြည်တော်  ၂၀ ဧပြီ

 

ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် မြန်မာ့လက်ရွေးစင် တောင်ပံကစားသမား ရန်နိုင်ဦးကို ဧပြီ ၂၀ ရက်တွင် နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

 

ရန်နိုင်ဦးနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ မတ် ၃၁ ရက်က ကုန်ဆုံးခဲ့ပြီး ရန်နိုင်ဦးသည် စာချုပ်သက်တမ်းမတိုးဘဲ အသင်းသစ်ရှာဖွေခဲ့ရာ သတင်းများထွက်ပေါ်နေသည့်အတိုင်း နာမည်ကြီး ရန်ကုန်အသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်အသင်းသည် ရန်နိုင်ဦးကို ၂၀၂၂ ခုနှစ်အထိရှိနေမည့် နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အသင်းပြန်လည် လေ့ကျင့်ပါက စတင်ပူးပေါင်းမည် ဖြစ်သည်။ ရန်နိုင်ဦးသည် ၂၀၁၆ ရာသီဝက်တွင် ဇေယျာရွှေမြေအသင်းမှ ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လေးနှစ်ကစားပြီးနောက် အသင်းသစ်တစ်သင်းသို့ ထပ်မံပြောင်းရွှေ့ခြင်း ဖြစ်သည်။

 

ရန်နိုင်ဦးသည် ရှမ်းယူနိုက်တက်အသင်းတွင် အောင်မြင်မှုများရရှိခဲ့ပြီး အမှတ်ပေးချန်ပီယံဆုနှစ်ကြိမ်၊ ရှုံးထွက် ချန်ပီယံဆု တစ်ကြိမ်ရရှိခဲ့သည်။ ရန်နိုင်ဦးသည် မြန်မာ ယူ-၁၉ အသင်းနှင့်အတူ ထွက်ပေါ်လာသည့် ကစားသမား တစ်ဦးဖြစ်ပြီး မြန်မာအသင်း ပထမဆုံး ဝင်ရောက်ကစားခွင့်ရသည့် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့သူလည်း ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းပြိုင်ပွဲအားလုံး ရပ်နားထားသော်လည်း ရန်ကုန်အသင်းသည် ပြိုင်ပွဲပြန်လည် စတင်ပါက အဆင်သင့်ဖြစ်နေစေရန် ကစားသမားသစ် အင်အားဖြည့်တင်းခြင်းဖြစ်ပြီး လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်