တောင်ပို့သာကျေးရွာတွင် နယ်မြေခံ မီးသတ်စခန်းတည်ဆောက်ရန် လျာထား

တပ်ကုန်း  ၂၂  ဇွန်              

နေပြည်တော် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ တောင်ပို့သာကျေးရွာတွင်  နယ်မြေခံ မီးသတ်စခန်း တည်ဆောက်ရေးအတွက်  မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး နှင့်မီးသတ်ဝန်ထမ်းများ ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါကျေးရွာသို့ သွားရောက်ပြီး၊ ကျေးရွာ ကော်မတီဝင်အဖွဲ့များနှင့်တွေ့ဆုံ၍ ကျေးရွာပိုင် ပေ(၂၀၀)ပတ်လည်ရှ ိမြေကွက်လပ်အား ကြည့်ရှု ခဲ့ကြသည်။

 

“ကျွန်တော်တို့  မြို့နယ်အတွင်းမှာ နယ်မြေခံမီးသတ်စခန်း အသစ်များဆောက်လုပ်ရန်အတွက် တောင်ပို့သာကျေးရွာကို လျာထားခဲ့ပါတယ်၊ အခုလာရောက်ရတဲ့ အကြောင်းအရင်းကတော့ မီးသတ်စခန်း ဆောက်လုပ်ရန် လျာထားတဲ့မြေကွက်လပ်ကို လာရောက်ကြည့်ရှုခြင်းဖြစ်ပါတယ်၊ ကျေးရွာမှာ နယ်မြေခံမီးသတ်စခန်းရှိခြင်းအားဖြင့် ကျေးရွာအနီးမှာရှိတဲ့ ကျေးရွာအတော်များများ မီးဘေးလုံခြုံရေး လွှမ်းခြုံနိုင်မှာဖြစ်ပါတယ်၊ တကယ်လို့သာ လျာထားချက်အတိုင်း အကြီးအကဲတွေက ဒီမြေနေရာကို မီးသတ်စခန်းသင့်တော်တယ် ဆိုရင်တော့ ၂၀၂၂ ခု၊ ဘဏ္ဍာနှစ် လောက်မှာ ဆောက်လုပ်မှာဖြစ်ပါတယ်၊ အဆောက်အဦနဲ့အတူ ဝန်ထမ်းလိုင်းခန်းများ၊ မီးသတ် ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးနှင့် ဝန်ထမ်းများထားရှိမှာဖြစ်ပါတယ်”ဟု မြို့နယ်မီးသတ်ဦးစီးမှူး  ဦးဝင်းမင်းစိုးက ပြောသည်။

 

“ကျွန်တော်တို့ ကျေးရွာပိုင်မြေဖြစ်တဲ့ မြေနေရာမှာ မီးသတ်စခန်းဆောက်လုပ်ရန် ရည်ရွယ်ထားပါတယ်၊ ပတ်ဝန်းကျင်ကျေးရွာများလည်း မီးဘေးန္တရာယ်ကြုံလာခဲ့ရင် အရေးပေါ်အသုံးစွဲနိုင်ရန် မီးသတ်စခန်းကို အမြန်ဆုံးဖြစ်စေချင်ပါတယ်”ဟု တောင်ပို့သာကျေးရွာမှ ရပ်မိရပ်ဖ ဦးဆန်းဝေက ဆက်လက်ပြောသည်။

 

တပ်ကုန်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းနှင့် ညောင်လွန့်ကျေးရွာ၊ ဘုရားတောင် ကျေးရွာများတွင် နယ်မြေခံ မီးသတ်စခန်းများရှိခဲ့ပြီး၊ တောင်ပို့သာကျေးရွာ၊ သပြေချောင်းကျေးရွာ များတွင် နယ်မြေခံ မီးသတ်စခန်းတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

တင်စိုးလွင်