တောင်ပြိုပြီး ကျောက်တုံးများ ပြိုကျမှုကြောင့် သွားလာနေသော မော်တော်ယာဉ်နှစ်စီး ကျောက်တုံး ပိကာ လမ်းပိတ်ဆို့မှုဖြစ်ပွား

လောက်ကိုင်   ၂၉  ဇူလိုင်            

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် တွင် ယနေ့နံနက် ၉ နာရီခန့်က ရန်လုံကျိုင်း-လောက်ကိုင် သွားလမ်း  တောင်ညီနောင် စစ်ဆေးရေး ဂိတ်အနီး  လမ်းတောင်ဖက်ခြမ်းမှ  တောင်ပြိုပြီး  (၂၀×၁၉)ပေ၊(၁၀×၁၅) ပေ နှင့် (၆×၄)ပေခန့်ရှိ ကျောက်တုံး ၃ တုံးပြိုကျ၍ လမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ် နှစ်စီး ကျော်တုံး ပိကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကျောက်တုံးများပြိုကျမှုကြောင့် လမ်းပေါ်တွင်သွားလာနေသော VIGO HILUX မော်တော်ယာဉ် မှာ ခေါင်းခြမ်းပိပြား၊ ကျောက်တုံးဖြင့်ညှပ်လျက်ရှိပြီး အုတ်များ သယ်ဆောင်လာသည့် HOWO မော်တော်ယာဉ်မှာ ကျောက်တုံးဖြင့် ရိုက်မိပြီး လဲကျကာ ယာဉ်မောင်း နှစ်ဦးမှာ အနည်းငယ် ထိခိုက် ဒဏ်ရာနှင့် ပွန်းမဲ့ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ဆေးကုသမှုခံယူရန်အတွက် နမ့်ဆန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

 

လမ်းပိတ်ဆို့မှုနှင့် ပတ်သက်၍ အမြန်ဆုံးရှင်းလင်းနိုင်ရန်အတွက်  လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ ၊ လုပ်ငန်းသုံးစက်ယန္တရားများ ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်လျက်ရှိရာ   ၁၁ နာရီခန့် အချိန်တွင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)