တောင်ငူ ငါးမြို့

မောင်သာ(ရှေးဟောင်းသုတေသန)

 

မြန်မာနိုင်ငံ၏ ထင်ရှားသော မြို့တစ်မြို့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း၌ တည်ရှိသည့် တောင်ငူသည် ကေတုမတီဟုလည်း ထင်ရှားကာ ၂၀၂၀ ပြည့်နှစ်တွင် မြို့တည်ထောင်မှု သက်တမ်း နှစ် ၅၁၀ ပြည့်ပြီဖြစ်သည်။ တောင်ငူဘုရင် မင်းကြီးညိုသည် ကေတုမတီမြို့ကို ခရစ်နှစ် ၁၅၁ဝ ပြည့်နှစ်တွင် တည်ထောင်ခဲ့ကာ ကေတုမတီမြို့ကို မတည်မီ မြဝတီမြို့နှင့် ဒွါရာဝတီမြို့တို့ကို တည်ခဲ့သည်။

 

မင်းကြီးညို မတိုင်မီက သဝန်ကြီးနှင့် သဝန်ငယ် ညီနောင်သည် တောင်ငူငယ်နှင့် တောင်ငူကြီးကို တည်ထောင်ခဲ့သဖြင့် တောင်ငူ မြို့ဝန်းကျင်၌ တောင်ငူငယ်၊ တောင်ငူကြီး၊ မြဝတီ၊ ဒွါရာဝတီနှင့် ကေတုမတီဟူ၍ မြို့ ငါးမြို့ ရှိခဲ့သည်။

 

ကေတုမတီအစ တောင်ငူငယ်က

 

ရာဇဝင်ကျမ်းများအလိုအရ မြန်မာ သက္ကရာဇ် ၅၅၃ ခုနှစ်(အေဒီ ၁၁၉၁ ခုနှစ်) တွင် ပုဂံဘုရင် နရပတိစည်သူသည် ရွှေတိဂုံစေတီတော်ကို ဖူးမြော်ပြီးနောက် ဥဿာပဲခူးသို့ သွားရောက်ကာ စစ်တောင်းမြစ်ကို ဆန်၍ မြတ်စောညီနောင်၊ လောကုတ္တရာ၊ ကျောက်ဆောက်နှင့် မြသီတင်ဘုရားတို့ကို ပြုပြင်မွမ်းမံခဲ့သည်။ ထို့နောက် ဆွာချောင်းအနီး၌ ကမ်းပါးမြင့်မြို့ကို ထူထောင်၍ နန္တသူရကို မြို့ဝန်ခန့်ခဲ့သည်။ နန္တသူရိယ၏မြေး သဝန်လက်ယာ လက်ထက် ၆၁၈ ခုနှစ်တွင် ကမ်းပါးမြင့်ရွာကို မွန်ဘုရင် ဝါရီရူက တိုက်ခိုက်သိမ်းပိုက်ပြီး သဝန်လက်ယာနှင့် ဇနီးကို ဗျူရွာ (ယခု ဖြူးမြို့) သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သဝန်လက်ယာ ဖမ်းဆီးခံထားရချိန်တွင် သဝန်ကြီးနှင့် သဝန်ငယ်ကို ဖွားမြင်ခဲ့သည်။

 

သဝန်လက်ယာ ကွယ်လွန်ပြီးနောက် သားများဖြစ်ကြသည့် သဝန်ကြီးနှင့် သဝန်ငယ်တို့သည် မွန်ဘုရင်လက်အောက်မှ ထွက်ပြေး၍ ဖခင်မှာကြားခဲ့သည့်အတိုင်း ကမ်းပါးမြင့်ရွာကို ရှာဖွေကြရာ ခပေါင်းချောင်းကို ဆွာချောင်းဟု အထင်မှားပြီး ဆန်တက်ခဲ့ကြသည်။ ချောင်းဘေး၌ တောင်ကုန်းတန်းတစ်ခု၏ အငူကိုတွေ့လျှင် ဖခင်မှာခဲ့သောနေရာဟု ထင်မှတ်၍ ၆၄၀ ခုနှစ်တွင် မြို့တည်ကာတောင်ငူဟုခေါ်တွင်ခဲ့သည်။ ယင်းနေရာသည် ကေတုမတီအစ တောင်ငူငယ်ဖြစ်ပေသည်။

 

တောင်ငူငယ်မြို့ဟောင်း၏ အရှေ့ဘက် နှင့် တောင်ဘက်တို့တွင် လွင်ပြင်များနှင့် အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်းတည်ရှိ၍ မြို့ရိုးမြို့ရာများ မကျန်ရှိတော့ချေ။ မြို့ဟောင်းဧရိယာအတွင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ရှေးဟောင်းစေတီများဖြစ်သည့် မယ်တော်စေတီ၊ နောင်တော်စေတီ၊ ညီတော်စေတီတို့ တည်ရှိသည်။

 

တောင်ငူငယ်မြို့ဟောင်း နန်းတော် ပန္နက်သည် ဘုန်းကြီးကျောင်းပရဝဏ်၏ မြောက်ဘက်တွင် တည်ရှိပြီး ထောင့်မှန်စတုဂံပုံ ဖြစ်သည်။ အရှေ့ဘက်တွင် အဆင့်သုံးဆင့်ရှိသည့် အုတ်လှေကား တစ်ခုရှိသည်။ သဝန်ကြီးနှင့် သဝန်ငယ် ညီနောင်သည် တောင်ငူငယ်ကို တည်ထောင်ပြီးနောက် စစ်တောင်းမြစ် တောင်ကုန်းတန်းတွင် မြို့တည်ခဲ့သည့် ကရင်ဘကို တောင်ငူငယ်သို့ ဖိတ်ခေါ်ခဲ့သည်။ တောင်ငူငယ်၏ နန်းသက်သည် တစ်နှစ်သာ ကြာရှည်ခံသဖြင့် မြို့ရိုးမြို့ကွက်များကို အခိုင်အမာ တည်ဆောက်ခဲ့ဟန်မရှိချေ။

 

တောင်ငူကြီး (ဓညဝတီ)

 

တောင်ငူငယ်သည် မြို့ကွက်ကျဉ်းမြောင်းသဖြင့် သဝန်ညီနောင်နှင့် ကရင်ဘတို့သည် ခပေါင်းချောင်းကိုဖြတ်၍ မြောက်ဘက် ကမ်းပါးကုန်းမြင့်တွင် တောင်ငူကြီး (ဓညဝတီ) ကို မြန်မာနှစ် ၆၄၁ ခုနှစ် ကဆုန်လဆန်း ၉ ရက် (ခရစ်နှစ် ၁၂၇၉ ဧပြီ ၂၀ ရက်) တွင် တည်ထောင်ခဲ့ကြသည်။ တောင်ငူဂေဇက်တီးယားတွင် ဓညဝတီမြို့ဟောင်းကို ၁၂၇၉ ခုနှစ် တည်ထောင်သည်ဟု ဖော်ပြထားသည်။

 

လက်ရှိအချိန်တွင် တောင်ငူကြီး မြို့ဟောင်းသည် တောင်ငူမြို့မှ အနောက်ဘက် သို့ ၇ ဒသမ ၂၉ မိုင်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ အနောက်ဘက်သို့ ၁ ဒသမ ၄၇ မိုင် ကွာဝေး၍ ခပေါင်းချောင်းကမ်း ၏ အနောက်ဘက်တွင် တည်ရှိသည်။ တောင်ငူကြီးမြို့ ဟောင်းသို့ ဆိုင်ကယ်၊ ကား တို့ဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။

 

ကောင်းကင်ဓာတ်ပုံများတွင် တောင်ငူကြီးမြို့ဟောင်းသည် မြင်းစီးခြေနင်းကွက် ပုံသဏ္ဌာန်ဖြစ်၍ အရှေ့အနောက် မီတာ ၁၀၀၀ နှင့် တောင်မြောက် ၁၇၅၀ မီတာ ရှည်လျားကာ ကျုံးအပါအဝင် ၄၃၆ ဧက ကျယ်ဝန်းသည်။ မြေမြို့ရိုးတစ်ဖက်စီတွင် မြို့ဝင်ပေါက်တစ်ခုစီ ပါရှိခဲ့သည်။

 

တောင်ငူကြီး၌ သဝန်ကြီး နန်းစံနေချိန် ၆၇၉ ခုနှစ်တွင် ညီတော် သဝန်ငယ်က နောင်တော်ကိုလုပ်ကြံ၍ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ သဝန်ငယ်နောက်တွင် တောင်ငူကြီး၌ ကရင်ဘအပါအဝင် ဘုရင်အဆက်ဆက် နန်းတက်ခဲ့ကြရာ မင်းကြီးညိုသည် ၈၄၇ ခုနှစ်တွင် တောင်ငူကြီး၏ ၂၉ ဆက်မြောက်ဘုရင် ဖြစ်လာခဲ့သည်။

 

တောင်ငူကြီး မြို့ဟောင်းအတွင်း၌ စည်းခုံကြီးစေတီ ဖောင်တော်ဆိုက်စေတီနှင့် မြတ်နိန္ဒစေတီတို့ တည်ရှိကြသည်။ မင်းကြီးညိုသည် နန်းတော်ရာတွင် ဦးရီးတော်ကိုလုပ်ကြံ၍ နန်းတက်ခဲ့ပြီး မြဝတီသို့ ပြောင်းရွှေ့ပြီးချိန်တွင် တောင်ငူကြီးနန်းကိုဖျက်၍ မူလ စည်းခုံကြီးစေတီတော်ကို တည်ခဲ့သည်ဟု ဆိုကြသည်။ ယခုအချိန်တွင် စည်းခုံကြီးကို ပစ္စယာ ခြောက်ဆင့်ခံလျက် ပြန်လည်တည်ဆောက် ထားကာ စေတီတော် မျက်နှာလေးဘက်ရှိ လှေကားတစ်ခုစီမှ ပစ္စယာများပေါ်သို့ တက်ရောက်နိုင်သည်။

 

ဖောင်တော်ဆိုက်စေတီသည် စည်းခုံကြီးစေတီ၏ အနောက်တောင်ဘက် ၈၆၅ ပေ အကွာတွင် တည်ရှိ၍ မူလလက်ရာများ မကျန်ရှိတော့ဘဲ ထုထည်ကြီးမားသည့် ဖိနပ်တော်ပေါ်တွင် ပစ္စယာသုံးဆင့်ခံ၍ စေတီတော်ကို ခေါင်းလောင်းပုံတည်ထားသည်။ စည်းခုံကြီး စေတီတော်၏ အနောက်မြောက်ဘက် ၃၆၂၈ ပေအကွာရှိ မြတ်နိန္ဒမူလစေတီတော်ကို တောင်ငူဆက် ၁၈ ဆက်မြောက်ဘုရင် စောလူး သင်္ခယာ (၁၄၂၀-၁၄၃၅) က တည်ထားခဲ့သည်။ ယခုအခါ စေတီတော်ကို ပုဂံခေတ်လက်ရာ လိုဏ်ဘုရားတစ်ဆူဟန် ပြန်လည်တည်ဆောက်ထားကာ ဉာဏ်တော် ၁၂၅ ပေမြင့်၍ လုံးပတ်တော် ၇၂ ပေ၊ ခေါင်းလောင်း တော်လုံးပတ် ၃၃ ပေ ရှိသည်။

 

မြဝတီမြို့

 

မင်းကြီးညိုသည် တောင်ငူကြီးတွင် တစ်နှစ် နန်းစံပြီးနောက် ၈၄၈ ခုနှစ်တွင် တောင်ငူကြီးမှ မြောက်ဘက်သို့ တာ ၅၀၀ ကွာဝေးသည့် ပန်းဘဲချောင်းနှင့် ခပေါင်းချောင်းဆုံရာအရပ်တွင် မြဝတီမြို့ကို တည်ကာ ငါးနှစ်ကြာ နန်းစိုက်ခဲ့သည်။ လက်ရှိအချိန်တွင် မြဝတီမြို့ဟောင်း၌ မြို့ရိုးမြို့ရာ အထောက်အထားများ မကျန်ရှိတော့ဘဲ တောအုပ်ငယ်တစ်ခုအဖြစ်သာ မြင်တွေ့ကြရကာ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် ဝင်ထွက်သွားလာရန် မလွယ်ကူတော့ချေ။ မြဝတီ မြို့ဟောင်းနေရာသည် ယခုအုတ်တွင်း မြို့နယ်အတွင်း တောင်ငူကြီးမှ မြောက်ဘက် သို့ ၁ ဒသမ ၈ မိုင်နှင့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှ အနေခက်ဘက်သို့ တစ်မိုင်ကွာဝေးသည်။ ။

 

ဒွါရာဝတီမြို့

 

မင်းကြီးညိုသည် ၈၅၃ ခုနှစ်တွင် မြဝတီ ကို စွန့်ခွာ၍ ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ် (စစ်တောင်းမြစ်) တို့ ဆုံရအရပ်တွင် ဒွါရာဝတီမြို့သစ်ကို တည်ထောင်ကာ ၁၉ နှစ်ကြာ ထီးနန်းစိုးစံခဲ့သည်။ ဒွါရာဝတီမြို့ဟောင်းသည် တောင်ငူမြို့ ကေတုမတီမြို့ဟောင်းမှ အရှေ့တောင်ဘက်သို့ တစ်မိုင်အကွာ၌ ဒွါရာဝတီမြို့ဟောင်း၏ မြို့ရိုးမြို့ရာများအနက် အနောက်မြို့ရိုးဟောင်း (ကျုံးရိုး တန်းလမ်း)နှင့် အနောက်ဘက်ကျုံး (ခေါင်းလောင်းအင်း) တို့သာ ကျန်ရှိသည်။

 

မြို့ဟောင်းအတွင်း၌ နန်းဦးစေတီ၊ လောကုတ္တရာစေတီနှင့် လောကမှန်ကူစေတီတို့ တည်ရှိ၍ နန်းဦးစေတီသည် ဒွါရာဝတီမြို့ဟောင်း၏ ဗဟိုဖြစ်သည်။ ခေတ်လက်ရာ တည်ဆောက်ထားသည့် နန်းဦးစေတီသည် ပစ္စယာသုံးဆင့်ခံလျက် ထောင့်လေးထောင့် ၌ အရန်စေတီတစ်ဆူစီ ရှိသည်။ စေတီ ဖိနပ်တော်ပတ်လည်၌ အရပ်မျက်နှာတစ်ဖက်တွင် ဆင်းတုတော်ငယ်များ ထည့်သွင်းပူဇော်ထားသည့် ဂူပေါက်ငယ်ရှစ်ခုစီရှိသည်။ လောကုတ္တရာစေတီသည် နန်းဦးစေတီ၏ အရှေ့ တောင်ဘက် ပေ ၁၃၀၀ အကွာတွင် တည်ရှိ၍ ထောင့်တစ်ခုတွင် အရန်စေတီ သုံးဆူစီ တည်ထားကာ မျက်နှာလေးဘက်တွင် စောင်းတန်းတစ်ခုစီ ရှိသည်။ လောကမှန်ကူစေတီသည် လောကုတ္တရာစေတီ၏ တောင်ဘက်ပေ ၅၅၀ အကွာတွင်ရှိပြီး စေတီတော်၏ အနောက်တောင်ဘက်တွင် သိမ်ဦးကျောင်းတိုက်ရှိသည်။ လောကမှန်ကူစေတီကို ၅၅၃ ခုနှစ် တွင်ပုဂံဘုရင် နရပတိစည်သူကတည်ထား၍ ၈၅၃ ခုနှစ်တွင် မင်းကြီးညိုက ပြုပြင်မွမ်းမံခဲ့ကာ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ခေါင်းလောင်းနှင့် အထက်ပိုင်းသည် ပြိုကျပျက်စီးခဲ့သည်။

 

ဒွါရာဝတီတွင် မင်းကြီးညိုစိုးစံနေစဉ် အင်းဝ၌ မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ အင်းဝသား အများအပြားသည် မင်းကြီးညိုလက်အောက်သို့ ခိုဝင်လာခဲ့ကြသဖြင့် လူသူ ဆင်မြင်း အင်အားများ တိုးပွားလာခဲ့သည်။ ဒွါရာဝတီသည် တိုးပွားလာသည့် အင်အားအတွက် နေရာအကျယ်အဝန်း မလုံလောက်တော့သဖြင့် မင်းကြီးညိုသည် ဒွါရာဝတီမြို့၏ အထက်ပိုင်း ပေါင်းလောင်းမြစ်၏ အနောက်ဘက်သို့ ပြောင်းရွှေ့ကာ ကေတုမတီမြို့သစ်ကို တည်ခဲ့သည်။

 

ကေတုမတီမြို့

 

မင်းကြီးညို တည်ခဲ့သည့် ကေတုမတီမြို့တော်သည် အရှေ့မှ အနောက်သို့ တာ ၇၀၀ နှင့် တောင်မှ မြောက်သို့ တာ ၁၀၀၀ ကျယ်ဝန်းသည်။ မြို့ရိုးတစ်ဖက်စီတွင် တံခါးပေါက် ငါးပေါက်နှင့် သိမ်ငါးလုံးစီကို တည်ဆောက် ခဲ့သဖြင့် တံခါးပေါက် ၂ဝ နှင့် သိမ်အလုံး ၂၀ ရှိခဲ့သည်။ တံခါးပေါက်တစ်ခုစီ၌ ပြအိုး တစ်လုံးစီ ထည့်သွင်း၍ သိမ်များကို ကျုံးထိပ် လမ်းအပြင်ဘက်တွင် တည်ခဲ့ပြီး မော်ကွန်းကျောက်စာတိုင်များကို စိုက်ထူခဲ့သည်။

 

ထို့ကြောင့် ကေတုမတီမြို့တော်၏ အရှေ့ဘက်တွင် မာရ်အောင်တံခါးနှင့် ကျွန်း ဦးသိမ်၊ ပန်းချီတံခါးနှင့် စစ်ကဲသိမ်၊ အောင်နန်းတံခါးနှင့် ပြာသာဒ်သိမ် တကောင်းတံခါးနှင့် ဆင်ဖြူသိမ်၊ ကျောက်ရင်းတံခါးနှင့် ဂါမဏိသိမ်၊ အနောက်ဘက်တွင် သစ်ရင်းတံခါးနှင့် ကန်ဦးသိမ်၊ ပေါရိသတ်တံခါးနှင့် ဝါဆိုကုန်းသိမ်၊ စင်တံခါးနှင့် ကာမသိမ်၊ စစ်ရင်းတံခါးနှင့် ပန်းကြက်ရုန်းသိမ်၊ ကလေးတံခါးနှင့် ကြက်မျှားသိမ်၊ တောင်ဘက်တွင် ပုန်းညက်တံခါးနှင့် မဟာပြက္ခမသိမ်၊ ကုလားတံခါးနှင့် သိမ်တော်လှသိမ်၊ ကြာမှုန်တံခါးနှင့် ဒိုင်းပွဲသိမ်၊ လင်းသက်တံခါးနှင့် စုက္ကတေးသိမ်၊ ကြေးနီတံခါးနှင့် ရွှေကြက်ယက်သိမ်၊ မြောက် ဘက်တွင် မြဝတီတံခါးနှင့် စကားသိမ်၊ သရပါ တံခါးနှင့် ဂူကြီးသိမ် မော်ကွန်းတံခါးနှင့်ကျောင်းတော်ကြီးသိမ်၊ ရန်အောင်မြင်တံခါး နှင့် ယင်းတော်သိမ်၊ ကြက်များတံခါးနှင့် ခွေးရဲသိမ်တို့ ရှိခဲ့သည်။

 

မင်းကြီးညိုသည် မြို့ထောင့်စေတီများဖြစ်သည့် မာရ်အောင်စေတီကို မြို့အရှေ့ မြောက်ထောင့်၊ သာရမဉ္ဇူ စေတီကို မြို့ အရှေ့တောင်ထောင့်၊ မြသိန်းတန်စေတီကို မြို့ အနောက်တောင်ထောင့်နှင့် မဉ္ဇူသာရစေတီ ကို မြို့အနောက်မြောက်ထောင့်တွင် တည်ခဲ့သည်။ ကေတုမတီဝန်းကျင်၌ တီကိုးတီနှင့် ကုန်း ကိုးကုန်းတို့ရှိခဲ့ရာ တီအမည်ပါရှိသည့် မြို့ကိုးမြို့သည် ဝေဠုဝတီ (ကြခတ်ဝါးရာမြို့၊ ယခု ဆွာမြို့နေရာ)၊ ဓညဝတီ(တောင်ငူကြီး)၊ အောင်ချာဝတီ (ခပေါင်းချောင်း အနောက်ဘက်)၊ ဒွါရာဝတီ၊ အာသာဝတီ (ယခုမြို့စိုး)၊ ဇေယျာဝတီ (ဇေယျဝတီမြို့ဟောင်း)၊ သေလာဝတီ (ယခု ရွှေကျင်မြို့နှင့် ကျောက်ကြီးမြို့ အကြားရှိ ကျောက်မော်မြို့)၊ ဖီလာဝတီ (ကျောက်ကြီးမြို့နှင့် မုန်းမြို့ကြားရှိကြောင်မြို့) နှင့် ကေတုမတီ (ယခုတောင်ငူမြို့) တို့ ဖြစ်ကြသည်။ တောင်ငူမြို့၏တောင်ဘက်တွင် ကျွန်းတောကုန်း၊ ရေငုပ်ကုန်း၊ အိုးကုန်း ထီးနီကုန်းနှင့် မြောက်ဘက်တွင် ကြက်လျှာ ကုန်း၊ ညောင်ကုန်း သရဖီကုန်း ပြာသာဒ် ကုန်းနှင့် ကန်တွင်းကုန်းတို့ကို ပြုလုပ်ခဲ့သည်။

 

မင်းကြီးညိုသည် မြို့တော်သစ်ကို ဇမ္ဗူဒိပ်ကျွန်းတွင် ဘုရင်မှန်ကင်းသဖွယ်ဖြစ်မည့် သာယာတုဖက်မှုကင်းသော မြေနေရာဟု နိမိတ်ယူ၍ ကေတုမတီဟုအမည်ပေးခဲ့သည်။ ထို့အတူ မြို့တံခါး၌ ပျားစွဲသည်ကို ရှင်လူအများ နေပြည်တော်သို့ စုဝေးရောက်ရှိလာမည်ဟု နိမိတ်ဖတ်ခဲ့ကြောင်း တွင်းသင်း ရာဇဝင်တွင် ဖော်ပြထားသည်။

 

ကေတုမတီမြို့တော် နန်းတော်နေရာကို တိကျစွာ မပြနိုင်သော်လည်း မန်းရပ်ဟုခေါ်သည့်နေရာတွင် ယခင်က နန်းတော်ရှိခဲ့သဖြင့် ဘုရင်နေထိုင်သည့် အရပ်ဟူသည့် အဓိပ္ပာယ်ဖြင့် မင်းရပ်ဟု ခေါ်တွင်ခဲ့ရာမှ မန်းရပ်ဖြစ်လာသည်ဟု ယူဆရဖွယ်ရှိကြောင်းနှင့် သက္ကရာဇ် ၉၆၂ ခုနှစ်တွင် မင်းရဲသီဟသူဘွဲ့ခံ မင်းရဲ ကျော်ထင်သည် တောင်ငူနန်းမြို့သစ်၌ တောင်ငူထီးနန်းကို အသစ်တည်ဆောက်ပြီး နန်းတော်နေရာကို အနောက်မြောက်ဘက်သို့ရွှေ့၍ တည်ထားခဲ့ရာ ယင်းနေရာသည် ဦးသုမနတိုက်ကျောင်းမှ ယင်းကျောင်း၏ မြောက်ဘက်ရှိ အစိုးရ စာသင်ကျောင်းအထိ ဖြစ်ကြောင်း တောင်ငူရာဇဝင်တွင် ဖော်ပြခဲ့သည်။

 

ထောင့်မှန်စတုဂံပုံ ကေတုမတီမြို့၏ မြို့ရိုးလေးဖက်ကို လူအင်အား ၄၈၀၀၀ ကျော်ဖြင့် အုတ်ချပ်ရေ ၃၈၇၀၇၂၀၀ နှင့် သရွတ် ၁၀၆၈၀၀၀၀ အိုး အသုံးပြု၍ တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည်။ (သရွတ်အိုးသည် အလျား၊ အနံနှင့် စောက် တစ်တောင်စီရှိသဖြင့် သရွတ်အိုးတစ်အိုးတွင် မြေသရွတ် ၃ ဒသမ ၃၇၅ ကုဗပေ ဝင်ဆံ့သည်။) မြို့ရိုးသည် မြေပြင်မှ အမြင့် ၁၂တောင်၊ မြေဝင် လေးတောင်နှင့် မြို့ရိုးထိပ် အကျယ်သည် ခုနစ်တောင် ရှိခဲ့ပြီး လက်ရှိတိုင်းတာမှုများအရ မြို့ရိုးသည် ၁၇ ပေ ၁၀ လက်မမြင့်၍ မြို့ရိုးထိပ်သည် ၁၀ ပေ ၅ လက်မ ကျယ်ဝန်းသည်။ မြို့ရိုးတစ်လျှောက်၌ သူရဲခို ၇၂၀၀၊ မှော်ယွန်း ၈၄ ခုနှင့် ပြအိုး ၂၄ လုံး ပြုလုပ်ခဲ့ပြီး မြို့ရိုးပတ်လည်၌ ထန်းပင် ၂၀၁၂၄၆၀ စိုက်ပျိုးခဲ့သည်ဟု ဆိုသည်။ ကေတုမတီမြို့ရိုး တောင်ဘက်ပိုင်းနေရာ အချို့ကို ရန်ကုန်-မန္တလေး မီးရထားလမ်း ဖောက်လုပ်စဉ်က ဖြိုဖျက်ခဲ့သည်။

 

မြို့ရိုးနှင့် နှစ်တာအကွာတွင် သုံးတောင်နက်၍ သုံးတာကျယ်သည့် နွံကျုံးကို တူးဖော်ပြီး မြေသားတစ်တာခြားလျက် ၁၂ တောင် နက်ပြီး ၂၅ တာကျယ်ကာ ခုနစ်တောင်နက်သည့် ရေကျုံးရှိသည်။ ယခုအချိန်တွင် အရှေ့ ဘက်ကျုံးသည် ၁၂ လပတ်လုံး ရေများရှိနေ၍ ကျန်ကျုံးသုံးဘက်သည် မိုးရာသီတွင်သာ ရရှိသည်။ နွံကျုံးမှာမူ မကျန်ရှိတော့ချေ။

 

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် တည်ရှိ၍ ၁၀၈ ပေရှည်လျားသည့် ယိုးဒယားပေါက်သည် တောင်ငူမြို့၏ အရှေ့မြောက်ထောင့်တွင်ရှိကာ ခရစ်နှစ် ၁၆၀၀ ပြည့်နှစ်တွင် တောင်ငူသို့ လာရောက်တိုက် ခိုက်ခဲ့သည့် ထိုင်း (ယိုးဒယား) ဘုရင် ဖရား နရေဆွန်က ကျုံးရေကို စစ်တောင်းမြစ်သို့ ဖောက်ထုတ်သည့်နေရာဖြစ်သဖြင့် ယိုးဒယားပေါက်ဟု အမည်တွင်ခဲ့သည်။ ၁၈၆၄ ခုနှစ်တွင် ကေတုမတီအရှေ့မြို့ရိုးမှ ကျောက်ရင်းတံခါးကို ဖြိုဖျက်၍ အင်္ဂလိပ်တို့ တည်ဆောက်ခဲ့သည့် မြို့လေးခံတပ်သည်လည်း ကေတုမတီမြို့ဟောင်း၏ သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်လာခဲ့ပေသည်။

 

မင်းကြီးညိုသည် ၈၉၂ ခုနှစ် နတ်တော် လဆန်း ၅ ရက်တွင် ကံကုန်ခဲ့ကာ သားတော် တပင်ရွှေထီးက ထီးနန်းကို ဆက်ခံ၍ ၉၀၂ ခုနှစ်အထိ နန်းစံခဲ့ပြီးနောက် ဟံသာဝတီသို့ပြောင်းရွှေ့ခဲ့သည်။ မြို့ငါးမြို့ ရွှေ့ပြောင်း တည်ထောင်ခဲ့သည့် ကေတုမတီ တောင်ငူသည် စည်းလုံးညီညွတ်သော ဒုတိယ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည့် ဘူမိနက်သန်နေရာအဖြစ် ထင်ရှားခဲ့ပေသည်။ ။

 

ကိုးကား

၁။ တောင်ငူရာဇဝင် အကျဉ်းချုပ်(ဦးချမ်းမြ)

၂။ တွင်းသင်းမဟာရာဇဝင်သစ် (ဦးထွန်းညို)

၃။ တောင်ငူရာဇဝင်နှင့် တောင်ငူသမိုင်းဟောင်း(ဒေါက်တာမာမာဝေ)

၄။ မြန်မာ့ရှေးဟောင်းမြို့တော်များ ( ဦးအောင်မြင့်)