တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ၁၄ ဦး စစ်ဆေးတွေ့ရှိပြီး နှစ်ဦးသေဆုံး

တောင်ကုတ်     ဇူလိုင်   ၁၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် အသက်ရှူမဝ၊ အနံ့မရသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ခြောက်ဦးတို့မှာ ခုတင်(၁၀၀)ဆံ့ ပြည်သူဆေးရုံသို့ ဆေးကုသခံယူရန် ရောက်ရှိစဉ် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ Rapid Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးသူ ၁၄ ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများမှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်မှ အမျိုးသား တစ်ဦး၊ ကြီးပွားရေးလမ်းမှ အမျိုးသမီး တစ်ဦး၊ ဂူတာရပ်ကွက် မီးစက်ကွက်သစ်(၃)လမ်းမှ အမျိုးသမီး တစ်ဦး၊ ဆေးရုံကွက်သစ်(၅)လမ်းမှ အမျိုးသား တစ်ဦး၊ ပပဝတီလမ်းမှ အသက် (၇၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ချောင်းကောက် ရပ်ကွက် အောင်သပြေလမ်းမှ အမျိုးသား တစ်ဦး၊ ကံပိုင်ရပ်ကွက် ခိုင်သဇင်လမ်းမှ အသက်(၈၁)နှစ်အရွယ် အမျိုးသား တစ်ဦး၊ ဝက်ကျိတ်အုပ်စု ဝဲကြီးကျေးရွာမှ ယာဉ်မောင်း အမျိုးသား တစ်ဦး၊ သာယာအေးကျေးရွာမှ အမျိုးသမီး တစ်ဦး၊ ဖောင်းခါး ကျေးရွာမှ အမျိုးသား တစ်ဦး အမျိုးသမီးတစ်ဦး၊ တန်းလွဲရွာမမြို့ အမှတ်(၃) ရပ်ကွက်မှ စျေးရောင်းသူ အမျိုးသမီးတစ်ဦး၊ ကိုင်းရှည်ကျေးရွာ အောင်မြေသာစည် လမ်းမှ အမျိုးသား တစ်ဦး၊ သလိန်ပြင်ကျေးရွာမှ အသက် (၂)နှစ်(၅)လအရွယ် ယောကျ်ားကလေး တစ်ဦး စုစုပေါင်း ၁၄ ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပြီး ခုတင်(၁၀၀)ဆံ့ ဆေးရုံသီးသန့်ခန်း၌ထားရှိကာ ဆေးကုသမှုခံယူ နေစဉ် ဂူတာရပ်ကွက် ပပဝတီလမ်းမှ အသက်(၇၆)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ကံပိုင်ရပ်ကွက် ခိုင်သ ဇင်လမ်းမှ အသက်(၈၁)နှစ်အရွယ် အမျိုးသား တစ်ဦးတို့မှာ သွေးတိုး၊ ဆီးချိုအခံ ပြင်းထန် လာမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၁၄ ဦးတို့နှင့် ထိတွေ့သူ မိသားစုများအား Home Quarantine ၁၄ ရက်ထားရှိသွားမည်ဖြစ်ပြီး အနီးကပ်ထိတွေ့သူများအား ဖော်ထုတ်၍ အသွားအလာ ကန့်သတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သေဆုံးသွားသူ နှစ်ဦးအား စနစ်တကျသ င်္ဂြိုဟ်နိုင်ရေး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြုလူနာ စုစုပေါင်း ၇၃ ဦးရှိပြီး ဆေးကုသခံယူနေသူ ခုတင် (၁၀၀)ဆံ့ ဆေးရုံသီးသန့်ခန်းတွင် ၅၃ ဦး၊ ရဲစခန်းသီးသန့်ခန်းတွင် တစ်ဦး၊ ဆေးရုံဆင်းသူ ခြောက်ဦး၊ သေဆုံးသူ ၁၃ ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)