တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ခြောက်သိန်းကျော် ထပ်မံတွေ့ရှိ

ဆိုးလ် မတ် ၁၇

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၂၁၃၂၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူပေါင်း ၈၂၅၀၅၉၂ဦးရှိလာကြောင်း ကျန်းမာရေး အာဏာပိုင်များက ယနေ့ပြောသည်။

 

နိုင်ငံအတွင်း၌ နေ့စဉ် ကူးစက်မှုအရေအတွက် ခြောက်သိန်းကျော်တွေ့ရှိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အဆိုပါ နေ့စဉ်ကူးစက်မှုအရေအတွက်သည် မတ် ၁၅ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည့် နေ့စဉ် ကူးစက်မှုအရေအတွက်ထက် ၄၀၀၇၁၁ ဦးမြင့်တက်လာကြောင်း ကိုရီးယားရောဂါကာကွယ်ထိန်းချုပ် ရေးအေဂျင်စီက ပြောသည်။  လက်ရှိတွင် မြို့တော်ဆိုးလ်၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လျက်ရှိသည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက်၁၂၈၃၇၅ ဦးသည် မြို့တော်ဆိုးလ်မှဖြစ်ပြီး ၁၈၁၉၈၃ ဦးသည် ဂျောင်ဂီစီရင်စုနှင့် ၃၂၉၆၄ ဦးသည် အင်ချွန်းမြို့မှဖြစ်ကြောင်းနှင့် ကျန် ၆၂ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသည့် ရောဂါကူးစက်ခံရသူအရေအတွက် ၃၀၅၃၇ ဦးရှိသည်။

 

ထို့ပြင် ရောဂါပြင်းထန်စွာ ခံစားနေရသူ ၁၁၅၉ ဦးရှိပြီး လွန်ခဲ့သော ရက်ကထက် ၈၅ ဦး လျော့ကျလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

လက်ရှိတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် ၄၂၉ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၁၄၈၁ ဦးရှိပြီဖြစ်သည်။ စုစုပေါင်း သေဆုံးမှုနှုန်း သုည ဒသမ ၁၄ ရာခိုင်နှုန်းရှိသည်။

 

တောင်ကိုရီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအစီအစဉ်ကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်အထိ ပြည်သူ ၄၄၉၁၇၄၇၅ ဦး (နိုင်ငံလူဦးရေ၏ ၈၇ ဒသမ ၅ ရာခိုင်နှုန်း) အား ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးပြီးဖြစ်သည်။ ပြည်သူ ၄၄၄၄၆၇၁၆ ဦး (နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၆ ရာခိုင်နှုန်း) အား ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးပြီးဖြစ်သည်။ ထို့ပြင် ပြည်သူ ၃၂၁၇၅၃၃ ဦး (နိုင်ငံ့လူဦးရေ၏ ၆၂ ဒသမ ၈ ရာခိုင်နှုန်း) သည် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှု ခံယူပြီးဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်