တောင်ကိုရီးယားနိုင်ငံက ပြည်တွင်းဖြစ် တိုက်လေယာဉ်အား ပထမဆုံးအကြိမ်စမ်းသပ်ပျံသန်းမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့

ဆိုးလ်  ဇူလိုင်  ၂၀

တောင်ကိုရီးယားနိုင်ငံသည်    ပြည်တွင်းဖြစ် တိုက်ခိုက်ရေးဂျက်လေယာဉ်အား ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ဇူလိုင် ၁၉ ရက်တွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း     တောင်ကိုရီးယားနိုင်ငံ လက်နက်ဝယ်ယူရေးအေဂျင်စီက ပြောကြားသည်။

အဆိုပါ KF-21 တိုက်ခိုက်ရေး ဂျက်လေယာဉ် ကို မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်က မြို့တော်ဆိုးလ်၏ တောင်ဘက် ကီလိုမီတာ ၃၀၀  ခန့် အကွာအဝေးရှိ  ဆာချီယွန်လေတပ်၏ တတိယမြောက် လေ့ကျင့်ရေး အစီအစဉ်တွင် စမ်းသပ်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ၃၃ မိနစ်ကြာ အောင်မြင် စွာ စမ်းသပ်ပျံသန်းခဲ့ပြီးနောက် ညနေ ၄ နာရီ ၁၃ မိနစ်တွင် မြေပြင်သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံထုတ် အဆိုပါတိုက်ခိုက် ရေးဂျက်လေယာဉ်များအား   တောင်ကိုရီးယား လေတပ်တွင် သက်တမ်းကြာမြင့်နေပြီဖြစ်သည့် F-4 နှင့် F-5 စစ်ဘက်သုံးလေယာဉ်များနေရာတွင် အစား ထိုးသွားမည်ဟုလည်း သတင်းများထွက်ပေါ်လျက် ရှိကြောင်း သိရသည်။

 ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်